MySport Myanmar

ရပ်ရှ်ဖို့ဒ်က ကစားသမားဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီလို့ ဖလစ်ခ် ဆို

မန်ချက်စတာ ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီကို အငှားထွက်ကစားနေတဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်တစ်ယောက် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ (၂)ဂိုးသွင်းယူပြီး အသင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဒီခြေစွမ်းက သူ့ကို ကစားသမားဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းစေနိုင်လိမ့်မှာဖြစ်ကြောင်း နည်းပြ ဟန်ဆီ ဖလစ်ခ်က ချီးကျူးပြောကြားလိုက်ပါတယ်။

လာမင်း ယာမယ်လ် ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ရပ်ရှ်ဖို့ဒ်ဟာ လီဝန်ဒေါစကီး၊ ရာဖင်ညာတို့နဲ့အတူ ဘာစီလိုနာတိုက်စစ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သူဟာ နည်းပြရဲ့ယုံကြည်မှုကို အကောင်းဆုံး အသုံးချပြီး (၅၈)မိနစ်မှာ ခေါင်းတိုက်ဂိုးနဲ့ နောက်ပိုင်းမှာတော့ ဂိုးတိုင်အောက်တန်းထိပြီး ဝင်သွားတဲ့ အပြင်းကန်ချက်တို့နဲ့အတူ ဘာစီလိုနာအတွက် သူ့ရဲ့ ပထမဆုံးသွင်းဂိုးတွေကို သွင်းယူပေးခဲ့တာပါ။နယူးကာဆယ်အတွက် အန်သိုနီ ဂေါ်ဒွန်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် ဘာစီလိုနာက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒီပွဲစဉ်မှာ ပါဝင်ကစားခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ်ဟာ ဂယ်ရီ လိုင်နီကာပြီးနောက် ဘာစီလိုနာအတွက် ဥရောပပွဲစဉ်ကစားပေးတဲ့ ဒုတိယမြောက် အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းပြီးရင် အင်္ဂလန်မဟုတ်တဲ့ ကလပ်တစ်ခုအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ပရီးမီးယားလိဂ်အသင်းကို ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းက အထူးကောင်းမွန်ခဲ့ပါတယ်။ သူဟာ ဂိုးကန်သွင်းမှု (၆)ကြိမ်၊ ပြိုင်ဘက်ဂိုးဧရိယာထဲ ဘောလုံးထိတွေ့မှု (၁၀)ကြိမ်၊ ဘောလုံးဆွဲပြေးမှု (၅)ကြိမ်နဲ့ အခွင့်အရေးဖန်တီးမှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ Opta စာရင်းဇယားတွေအရ ၂၀၀၈-၀၉ နောက်ပိုင်းမှာ ဒီလိုစာရင်းဇယားမျိုးကို ချန်ပီယံလိဂ်တစ်ပွဲတည်းမှာ ပြုလုပ်နိုင်ခဲ့တဲ့ တခြားဘာစီလိုနာကစားသမားတွေကတော့ လီယွန်နယ် မက်ဆီ၊ အင်နီယေစတာ၊ လူးဝစ် ဆွာရက်ဇ်၊ နေမာနဲ့ လာမင်း ယာမယ်လ်တို့သာ ရှိခဲ့ပါတယ်။

Photo Credit : Barca Blaugranes

နည်းပြ ဖလစ်ခ်က “သူ့အတွက် ကျွန်တော် တကယ်ကို ပျော်ပါတယ်။ သူ မလွယ်ကူတဲ့ နှစ်အနည်းငယ်ကို ဖြတ်သန်းခဲ့ရတာပါ။ ဒီသွင်းဂိုးနှစ်ဂိုးကရတဲ့ ယုံကြည်မှုနဲ့အတူ သူ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပါလိမ့်မယ်။” လို့ ချီးကျူးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း “ကျွန်တော် အများကြီး သင်ယူနေရပါတယ်။ ဒါက ဘောလုံးကစားဟန်အသစ်တစ်ခုပါ၊ ဒါပေမဲ့ ဒါက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာစေတယ်။ ရိုးရိုးသားသားပြောရရင် ဒါက အံ့မခန်းအတွေ့အကြုံတစ်ခုပါပဲ။” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲတဲ့ကာလတွေအပြီးမှာ ရက်ရှ်ဖို့ဒ်တစ်ယောက် ဘာစီလိုနာအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ သူ့ရဲ့ နောက်တစ်ဆင့်ဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version