ဂျာမန် ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဟန်စီ ဖလစ် ကတော့ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ လီဝန်ဒေါ့စကီး ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံရဖို့ အတွက် အမှန်တကယ်ကို ထိုက်တန်မှု ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ လီဝန် ဒေါ့စကီးဟာ ကြာသပတေးနေ့ ဇူးရစ်မြို့မှာ ကျင်းပမယ့် ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆု စာရင်းမှာလည်း ဘာစီလိုနာ စတား လီယွန်နယ် မက်ဆီ နဲ့ ဂျုဗင်တပ် စတား ခရစ္စတီယာနို ရိုနယ်ဒိုတို့ထက်တောင် အကောင်းဆုံးဆု ရရှိဖို့ကို ရေပန်းစားနေတာ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ လီဝန်‌ဒေါ့စကီးဟာ ဗုဒ္ဓဟူးနေ့ ညပိုင်းက ကစားခဲ့တဲ့ ဝုဖ်ဘက် အသင်းနဲ့ ဘွန်ဒက်လီပါ ပွဲစဉ်မှာလည်း အသင်းအတွက် ခြေပဂိုး နဲ့ အနိုင်ဂိုး ကို ၅ မိနစ် အတွင်း သွင်းယူပေးနိုင်ခဲ့ပြီးတော့ အသင်းကို ဇယားရဲ့ အဆင့် ၂ နေရာမှာ ဆက်ရှိနေစေပြီး ထိပ်ဆုံးက လေဗာကူဆင် အသင်းကို ၁ မှတ်လျော့အနေအထား နဲ့ လိုက်လံဖိအားပေးထားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီးဟာ အဆိုပါ သွင်းဂိုး ၂ ဂိုးကြောင့် ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ၃၃၂ ပွဲကစားထားပြီး ၂၅၀ ဂိုးနဲ့ ပြိုင်ပွဲသမိုင်းမှာ ဂရတ် မူလာ(၃၆၅ ဂိုး) နဲ့ ကလောက်စ် ဖစ်စ်ရှာ(၂၆၈ ဂိုး) တို့ ပြီးရင် တတိယမြောက် ဂိုးအများဆုံး သွင်းထားနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီး အနေနဲ့ ယခုလက်ရှိ ရာသီမှာလည်း အသင်း အတွက် ၁၁ ပွဲ ကစားပေးထားအပြီး သွင်းဂိုး ၁၅ ဂိုး သွင်းယူထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

Photo Credit: Marca

လီဝန် ရဲ့ အခုလိုအကောင်းဆုံး ခြေစွမ်းတွေကြောင့် ဖီဖာရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ အတွက် နီးစပ်နေပြီး‌တော့ အသင်းဖော် မန်ဝဲလ် နူယာ ကလည်း ဖီဖာရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရရှိဖို့ လီဗာပူးဂိုးသမား အလီဆွန် နဲ့ အက်သလက်တီကို ဂိုးသမား ဂျန် အိုဘလက် တို့နဲ့ အပြိုင် ရေပန်းစားနေပါတယ်။ နည်းပြ ဟန်စီ ဖလစ် ကတော့ သူ့ရဲ့ ကစားသမား နှစ်ဦးစလုံး အနေနဲ့ ဆုတွေ ရရှိဖို့ ထိုက်တန်တယ်လို့ အခုလို ပြောဆိုသွားခဲ့ပါတယ်။ “ လီဝန် က အသင်းမှာ အင်မတန်အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်သလို အသင်းရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။ အမြင်မှန်ရှိတဲ့ လူတိုင်းကလည်း သူက အရေးပါတဲ့ ကစားသမား တစ်ဦး‌ဆိုတာ သိကြပါတယ်။ ဒါကြောင့်မို့ မန်ဝဲလ် နဲ့ လီဝန် တို့ နှစ်ဦးစလုံး ဆုတွေ ရရှိလိမ့်မယ်လို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ထားပါတယ်။ ကစားသမား နှစ်ဦးစလုံးက ဆု‌တွေနဲ့ အမှန်တကယ် ထိုက်တန်ကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။