MySport Myanmar

ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာဖို့ အလွန် ရေပန်းစားလာခဲ့တဲ့ ဟန်ဆီ ဖလစ်ခ်

ချယ်လ်ဆီးအသင်းဟာ လက်ရှိ အသင်းနည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုကို ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ ရှိနိုင်တာကြောင့် ပိုချက်တီနို နေရာအတွက် နောက်ထပ် နည်းပြတစ်ဦးကို ခန့်အပ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီရာသီမှာပဲ စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ပိုချက်တီနိုကလည်း အသင်းကို လိဂ်ဖလား ဖိုင်နယ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့ပေမယ့် ဆုဖလားတွေနဲ့ လွဲချော်ထားရသလို လာမယ့်ရာသီအတွက် ဥရောပဝင်ခွင့် တစ်နေရာ ရရှိဖို့ကလည်း မရေမရာ ဖြစ်နေပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမှာ ချယ်လ်ဆီးက ပိုချက်တီနိုရဲ့နေရာအတွက် စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်အပြင် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီနည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ကိုပါ ပစ်မှတ်ထားလာခဲ့ပြီး လက်ရှိမှာတော့ ဖလစ်ခ်ကို ပိုမို အလိုရှိလာခဲ့တယ်လို့ ဂျာမနီသတင်းစာ Blid က ဖော်ပြလာခဲ့ပါတယ်။

ဂျာမနီလူမျိုး ဘောလုံးနည်းပြ ဖလစ်ခ်က ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့စဉ် ဘိုင်ယန်ကို တစ်ရာသီအတွင်း ဖလား(၃)လုံး ချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပေမယ့် ဂျာမနီကို ကိုင်တွယ်ချိန်မှာတော့ အောင်မြင်မှု မရရှိခဲ့တဲ့အပြင် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : Sport Blid

ဒါပေမယ့် ဖလစ်ခ်ဟာ အရည်အသွေး မြင့်မားလွန်းတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် အသင်းလက်မဲ့ ဖြစ်နေချိန်မှာ ကလပ်အသင်း အများအပြားက ဖလစ်ခ်ကို ရရှိဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ ဒီအသင်းတွေထဲ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ပိုချက်တီနိုကို ထုတ်ပယ်ပြီး အမော်ရင်ကို ခန့်အပ်မယ်ဆိုရင် နည်းပြနှစ်ဦးလုံးအတွက် လျော်ကြေးတွေ အတော်လေး ပေးချေရမှာမို့ အမော်ရင်ထက် ဟန်ဆီ ဖလစ်ခ်ကိုသာ ပိုမို အာရုံစိုက်လာခဲ့သလို ဖလစ်ခ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်က ကလပ်အသင်း တစ်ခုခုကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတဲ့အတွက် ချယ်လ်ဆီးကသာ ကမ်းလှမ်းလာရင် လက်ခံသွားဖွယ် ရှိနေပါတယ်။

Exit mobile version