နည်းပြပတ်ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ချိန်တုန်းက ဥရောပအောင်မြင်မှုတွေကို ရယူပေးနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း အသင်းကို ပွဲအနည်းငယ် ကိုင်တွယ်ပြီးနောက် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရမှတ်(၁၀၀)ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံးသော နည်းပြတစ်ယောက်အဖြစ်နဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလည်း ဂွာဒီယိုလာရဲ့စံချိန်အတိုင်း လက်ရှိဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်က လုပ်ဆောင်လာနိုင်ခဲ့ပါပြီ။

Photo Credit : DW

နည်းပြကိုဗက်လက်ထက် ရလဒ်တွေ ဆိုးရွှားနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုဗက်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဟန်ဆီဖလစ်ဆိုတဲ့ အသင်းက နည်းပြအဖွဲ့ဝင်တစ်ဦးကို ယာယီနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်ဘက်ကတော့ အသင်းအတွက် သင့်တော်တဲ့ နည်းပြတစ်ယောက်ကို မရသေးချင်း ဖလစ်ကိုပဲ ယာယီနည်းပြအဖြစ် ဆက်လက်တာဝန်ပေးသွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဖလစ်ရဲ့စွမ်းဆောင်ရည်တွေက အသိအမှတ်မပြုပဲ မနေနိုင်လောက်အောင် ဖြစ်လာခဲ့ပြီး သူကိုင်တွယ်နေချိန်မှာလည်း အသင်းက အတော်လေးကို ပြောင်းလဲလာခဲ့ရပါတယ်။

Photo Credit : Daily Sabah

ဒီလိုနဲ့ ဖလစ်ဟာ သူရဲ့ပထမဆုံးသော ဘောလုံးရာသီမှာပဲ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါဆုဖလား ဂျာမန်ပိုကယ်ဖလားအပြင် အသင်းနဲဲ့ (၇)နှစ်လောက် အလှမ်းဝေးကွာနေတဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားတွေကိုပါ သိမ်းပိုက်ပြီး တစ်နှစ်တာအတွင်း ဖလား(၃)လုံးချန်ပီယံ ဖြစ်လာအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေအပြင် ဟန်ဆီဖလစ်ဟာ ဘိုင်ယန်ကို ကိုင်တွယ်အပြီး ဘွန်ဒစ်လီဂါပွဲပေါင်း(၃၈)ပွဲအတွင်းမှာ (၃၁)ပွဲနိုင် (၄)ပွဲသရေ (၃)ပွဲသာရှုံးထားခဲ့ပြီး ရမှတ်ပေါင်း(၉၇)မှတ်အထိကို ပိုင်ဆိုင်နိုင်ခဲ့သလို တကယ်လို့ ဒီနေ့မှာ မိုချန်ဂလာဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် ဖလစ်ဟာ ဘိုင်ယန်အတွက် (၃၉)ပွဲအတွင်းမှာ အမှတ်တစ်ရာပြည့်အထိ ယူဆောင်ပေးနိုင်တဲ့ မှတ်တမ်းကောင်းကို ထပ်မံပိုင်ဆိုင်ခဲ့မှာဖြစ်ပါတယ်။ ယခင်က ဂွာဒီယိုလာကလည်း (၃၉)ပွဲအတွင်းမှာပဲ ဘိုင်ယန်အသင်းကို (၁၀၁)မှတ်အထိရအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်လို့ ဖလစ်အနေနဲ့ ပွဲအနည်းငယ်လေးနဲ့ အသင်းကို ရမှတ်တစ်ရာပြည့်အောင် ရှာပေးနိုင်တဲ့ ဒုတိယမြောက် နည်းပြတစ်ယောက် ဖြစ်လာနိုင်ဖို့ နီးစပ်လို့နေပါတယ်။ ဒါပေမယ့် ဖလစ်က ပြီးခဲ့တဲ့ မိန့်ဇ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တုန်းကလိုမျိုး ပထမပိုင်း ပွဲကစားချိန်အတွင်း ပြိုင်ဘက်အသင်းကို ဂိုးတွေအလွယ်တကူ ခွင့်ပြုရတာမျိုး ထပ်မဖြစ်လာစေဖို့အတွက် ပွဲကိုအစအဆုံး အသေအချာ ဂရုစိုက်ပြီး ကစားသွားသင့်တယ်လို့ အသင်းသားတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။