ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဒါရင်း ဖလက်ချာကတော့ လက်ရှိအချိန် မှာ မန်ယူအသင်းရဲ့ ယူ-၁၆ အသင်းကို နည်းပြ တစ်ဦးအဖြစ် ကိုင်တွယ်တော့မယ် လို့ သိရပါတယ်။ ဖလက်ချာဟာ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ကြိမ်အပြင် ချန်ပီယံလိဂ် ဖလား ၊ ကားလင်းဖလား ၊ ကမ္ဘာ့ကလပ်ဖလား ၊ အက်ဖ်အေဖလား စတဲ့ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့သူ ဖြစ်ပြီး အခုဆိုရင်တော့ သူဟာ သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်လည် ဝေမျှဖို့ အတွက် မန်ယူအသင်းဆီ ပြန်ရောက်လာတာပါ။

Photo Credit: Mirror

အသက် ၃၆နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖလက်ချာဟာ မန်ယူအသင်းရဲ့ ယူ-၁၆ကို အချိန်ပိုင်း နည်းပြတစ်ဦး အဖြစ် ကိုင်တွယ်မှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ ဖလက်ချာဟာ အသင်းဖော်ဟောင်း အီဗရာ ၊ လက်ရှိ မန်ယူအသင်းရဲ့ နည်းပြအဖြစ် တာဝန် ယူထားတဲ့ ဆိုးလ်ရှားတို့လိုမျိုး နည်းပြလိုင်စင် ရရှိဖို့ အတွက် အသင်းရဲ့ လူငယ်အသင်းမှာ နည်းပြတစ်ဦး အဖြစ် ပါဝင် လုပ်ကိုင်တာလည်း ဖြစ်ပါတယ်။ ဖလက်ချာဟာ မန်ယူအသင်းမှာ ၂၀၀၃ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ မန်ယူအသင်း ကနေ ဝက်စ်ဘရွန်းအသင်းထံ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ အဲ့ဒီနောက် ဖလက်ချာဟာ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် နောက်ထပ် ၂နှစ် ကစားခဲ့ပြီး ၂၀၁၇ခုနှစ် အကုန်မှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

Photo Credit: Mirror

” ကစားသမား မဟုတ်တော့တာ ကို လက်ခံနိုင်ဖို့ ဘေးထွက်နေပြီး အချိန် ခဏလောက် ယူခဲ့ရပါတယ်။အဲဒီနောက်မှာတော့ နည်းပြအလုပ် အတွက် ခြေလမ်း စခဲ့တာပေါ့” ဆိုပြီး ဖလက်ချာက နည်းပြဘဝထဲကို စတင်ဝင်ရောက်ဖို့ စိတ်ကူး ရှိလာပုံကို မန်ယူအသင်းရဲ့ တရားဝင် ဝက်ဆိုဒ် မှာ ပြောကြားခဲ့ပါတယ်။ ” နည်းပြလိုင်စင် ရရှိတဲ့ အချိန်မှာတော့ ကလပ်ဆီ ပြန်ပြီး ဖိတ်ခေါ်ခံခဲ့ ရပါတယ်။ ကျွန်တော့်ရဲ့ ညနေပိုင်း အချိန်ပိုလေးတွေ ကို ဘာမှမလုပ်တာထက် စာရင် ယူနိုက်တက် အတွက် ပေးဆပ်တာက ပိုကောင်းတာပေါ့။ ကလပ်က ကျွန်တော့်အတွက် အရာရာပဲလေ။ ဒါကြောင့်ပဲ ဖိတ်ခေါ်တာကို လက်ခံပြီး အကယ်ဒမီက ကလေးတွေကို သင်ကြားပေးဖို့ ပြန်လာခဲ့တာပါ။ ဒီနေရာက ကျွန်တော့်အတွက် နေရာကောင်း တစ်ခုပဲလေ။ ညနေပိုင်းမှာ ကျွန်တော့်အချိန်တွေ သူတို့ကို ပေးဖြစ်ပြီး ဒါက သူတို့အတွက် ဘယ်လောက် အဓိပ္ပါယ် ရှိလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။ သူတို့ကို ကျွန်တော်က အကြံလေးတွေ ပေးတယ်။ ပွဲအကြောင်း အသေးစိတ်ကိုလည်း ပြောပြတယ်။ သူတို့က ကျွန်တော့်ရဲ့ စကားတွေကို မှတ်ထားကြပြီး ပွဲထဲမှာ အသုံးချကြတယ်လေ။ ဒီလိုမြင်ရတာ ကျွန်တော့်အတွက် ပီတိဖြစ်ရတာပေါ့ ” လို့ ဖလက်ချာက ယူ-၁၆အသင်းရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။