ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ငယ်မွေးခြံပေါက် ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဒါရင်း ဖလက်ချာ ကတော့ ယနေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းက တရားဝင် ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ်။ အသက် ၃၇နှှစ် အရွယ်သာ ရှိသေးတဲ့ ဒါရင်း ဖလက်ချာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် ကစားသွားခဲ့သူ တစ်ဦး ဖြစ်ပြီး ထိပ်တန်းအဆင့် ကွင်းလယ်လူ တစ်ဦး မဟုတ်ပေမယ့် အသင်းအတွက် တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ပေးဆပ်တတ်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

Photo Credit: Metro

ဖလက်ချာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ ဝက်စ်ဘရွန်း ၊ စတုတ်စီးတီး စတဲ့ အသင်းတွေမှာ ပါဝင် ကစားခဲ့ပေမယ့် အောင်မြင်မှုတွေ မရတာကြောင့် ၂၀၁၉ ခုနှစ်မှာ ကစားသမား ဘဝကနေ အနားယူခဲ့ပါတယ်။ ကစားသမား ဘဝကနေ အနားယူပြီး နောက်ပိုင်းမှာ ဖလက်ချာဟာ နည်းပြလောကထဲကို ဝင်ရောက်နိုင်ဖို့ အတွက် နည်းပြသင်တန်းတွေ တက်ရောက်ခဲ့ကာ ပြီးခဲ့တဲ့ လအနည်းငယ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီ အသင်းရဲ့ နည်းပြတစ်ဦး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားက ဖလက်ချာရဲ့ နည်းပြဘဝ စွမ်းဆောင်ရည်ကို သဘောကျတာကြောင့် အသင်းကြီးရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

ဖလက်ချာကို အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခဲ့မှုနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “ဖလက်ချာ ရဲ့ သွေးကြောတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒီအန်အေတွေ စီးဆင်းနေပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာ သိရှိတဲ့ လူတစ်ဦးပါ။ သူက အခုမှ နည်းပြဘဝ အစမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ အနိုင်ရလိုစိတ်တွေ ၊ ကွင်းတွင်း ၊ ကွင်းပြင် နေထိုင်မှုတွေ ၊ နာခံလိုစိတ်ရှိမှုတွေ ၊ ကြိုးစားချင်စိတ်တွေကြောင့် သူဟာ ကျွန်တော်တို့ နည်းပြအဖွဲ့ရဲ့ အရေးပါတဲ့ နည်းပြအဖွဲ့ဝင် ဖြစ်လာမှာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြတစ်ဦး ဖြစ်လာတာနဲ့ ပတ်သတ်ပြီး ဖလက်ချာက သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ရင်ဖွင့် ထားပါတယ်။ ဖလက်ချာက “အသင်းကို ပထမအသင်းရဲ့ နည်းပြတစ်ဦး အဖြစ် ပြန်လာနိုင်ခဲ့တဲ့ အတွက် ကျွန်တော်က အတော်လေးကို ဝမ်းသာမိပါတယ်။ ဒီလို ငယ်ရွယ်တဲ့ အသင်း တစ်သင်းကို နည်းပြရမှာက စိတ်လှုပ်ရှားဖို့ ကောင်းသလို အခုဆိုရင် ကျွန်တော်က အိုလီရယ် သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေရယ်နဲ့ စွန့်စားခန်း အသစ်တွေ ဖွင့်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ်။