ဘရာဇီးလ် ထိပ်သီးကလပ် ဖလာမင်ဂိုအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ တရာသီ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အန်ဒရေ ပါရဲယားကို ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ပါရဲယားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ဥရောပတလွှားမှာ ကစားခဲ့ဖူးပေမယ့် ထိုက်သင့်တဲ့ အောင်မြင်မှုတွေ မရခဲ့တာကြောင့် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဆီ ပြောင်းရွှေ့ကာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Photo Credit: Metro
ဖလာမင်ဂိုအသင်းဆီ ရောက်ရှိလာချိန်မှာတော့ ပါရဲယားဟာ ပုံမှန် ပွဲထွက်ခွင့် တနေရာကို ရရှိခဲ့သလို အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ဖလာမင်ဂိုက ပါရဲယားကို အငှားနဲ့ ခေါ်ယူစဉ်မှာ ထည့်သွင်းခဲ့တဲ့ အပြီးသတ် ခေါ်ယူခွင့်ကို အသက်သွင်းဖို့ ပြင်ဆင်နေတာပါ။
ပါရဲယားဟာ ဖလာမင်ဂိုအသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ပြုလုပ်ထားနိုင်ပါတယ်။
Photo Credit: Metro
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖလာမင်ဂိုအသင်းဟာ ပါရဲယားကို ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေပြီး မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ပါရဲယားကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပေမယ့် ပါရဲယား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် လိုချင်နေပါတယ်။