MySport Myanmar

ကက်စီမဲရိုးကို အငှားနဲ့ ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ဆောင်နေတဲ့ ဖလာမင်ဂို

ဘရာဇီးလ် နာမည်ကျော်ကလပ် ဖလာမင်ဂိုအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ဝါရင့်ကွင်းလယ်ကစားသမား ကက်စီမဲရိုးကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ ဘရာဇီးလ် ဂျာနယ်လစ်တစ်ဦးက သတင်းဖော်ပြလာခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမားကြီး ကက်စီမဲရိုးဟာ ရီးယဲလ် မက်ဒရစ်အသင်းမှာ အတော်လေး အောင်မြင်ခဲ့တဲ့ world class ကစားသမားတစ်ဦး ဖြစ်ခဲ့သလို ယူနိုက်တက်ဆီ စရောက်ခါစနှစ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။

Photo Credit : Goal

အခုဆိုရင် ယူနိုက်တက်မှာ ပွဲကစားခွင့်တွေပါ ပျောက်ဆုံးနေရသလို အသင်းရဲ့ ကွင်းလယ်ပိုင်းမှာလည်း နောက်ဆုံးမှ ပါဝင်ကစားရတဲ့ အခြေအနေတွေအထိ ရောက်ရှိနေရတာကြောင့် ကက်စီမဲရိုးရဲ့ အနာဂတ်က လှုပ်ခတ်နေရသလို သူ့ကိုလည်း ကလပ်အသင်းများစွာက စိတ်ဝင်တစား စောင့်ကြည့်လာကြပါတယ်။

လက်ရှိမှာဆိုရင်တော့ ဥရောပ ထိပ်တန်းလိဂ်တွေ အပါအဝင် ဆော်ဒီလိဂ်တွေလည်း ဆောင်းဈေးကွက် ပိတ်သိမ်းသွားကြပြီ ဖြစ်ပေမယ့် ဘရာဇီးလ်လိဂ်ကတော့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိကို ကစားသမား ခေါ်ယူခွင့်တွေ ပြုလုပ်နိုင်ဦးမှာဖြစ်လို့ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုက ကက်စီမဲရိုးကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာပါတော့တယ်။

Photo Credit : Sky Sports

ကက်စီမဲရိုးဟာ ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း ယူနိုက်တက်ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၂)ပွဲတည်းသာ ကစားခွင့် ရရှိခဲ့ပြီး အဲ့ဒီ(၂)ပွဲမှာတောင် နယူးကာဆယ်နဲ့ပွဲက တစ်နာရီလောက် ကစားခဲ့ရပေမယ့် လက်စတာနဲ့ အက်ဖ်အေဖလားပွဲမှာဆို (၁)မိနစ်လေးသာ ကစားခဲ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် ကက်စီမဲရိုးကို ဖလာမင်ဂိုဘက်က ပွဲကစားခွင့်တွေ ပေးသွားဖို့အတွက် ရာသီကုန်အထိ အငှားခေါ်ယူသွားချင်နေသလို ဖလာမင်ဂိုအနေနဲ့ ကက်စီမဲရိုးအတွက် လုပ်ခလစာ ပေးချေမှုအတွက်ပါ လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ယူနိုက်တက်ကလည်း သူတို့ကစားသမားကို အငှားစေလွှတ်ပေးဖွယ် ရှိနေပါတယ်။

Exit mobile version