ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်ကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားလာခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ကာရန်ဘန်ဇီမာဟာ ရီးရဲလ်အသင်းမှာ ပါဝင်ကစားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်သွားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် သွင်းဂိုးများစွာကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဘန်ဇီမာနဲ့ပတ်သက်ပြီး လူအများစု သိပ်မသိကြသေးတဲ့ တိုက်စစ်မှူးဘန်ဇီမာရဲ့စိတ်ဝင်စားစရာ အချက်(၅)ချက်ကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

ဘန်ဇီမာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ သွင်းဂိုးအများဆုံး သွင်းယူထားခဲဲ့တဲ့ ထိပ်တန်းဂိုးသွင်းရှင်(၅)ယောက်စာရင်းထဲမှာ နံပါတ်(၄)နေရာကနေ ပါဝင်လို့နေပါတယ်။ ဘန်ဇီ်မာဟာ လိုင်ယွန်မှာ ကစားခဲ့တုန်းက ချန်ပီယံလိဂ်သွင်းဂိုး (၁၂)ဂိုး သွင်းယူနိုင်ခဲ့သလို လက်ရှိ သူပါဝင်ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး (၅၂)ဂိုးစီ သွင်းယူထားနိုင်ခဲ့ပါတယ်။ သူရဲ့အထက်မှာ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကစားသမား(၃)ယောက်အဖြစ် ရော်နယ်ဒို မက်ဆီနဲ့ ရာအူးတို့က အသီးသီးရပ်တည်လို့နေပါတယ်။

 

ဘန်ဇီမာဟာ ရီးရဲလ်နဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်ဂလက်စီကိုဒါဘီပြိုင်ပွဲရဲ့သမိုင်းတလျှောက် အမြန်ဆုံးသွင်းဂိုးကို သွင်းယူထားနိုင်ခဲ့သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်က ကျင်းပခဲ့တဲ့ အယ်ဂလက်စီကိုဒါဘီပွဲမှာ ဘန်ဇီမာဟာ ရီးရဲလ်အတွက် အဖွင့်သွင်းဂိုးကို ပထမပိုင်းစတင်ပြီး (၂၂)စက္ကန့်အတွင်းမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံမွေးဖွားခဲ့ပေမယ့် အယ်ဂျီးရီးယားမျိုးရိုးဖြစ်နေတဲ့ ဘန်ဇီမာဟာ လက်ရှိမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်းမရှိလို့ အယ်ဂျီးရီးယားလက်ရွေးစင်အသင်းမှာ ပြောင်းလဲကစားနိုင်ပါတယ်။ ဒါပေမယ့် ဘန်ဇီမာက လက်ရွေးစင်အသင်း စတင်ရွေးချယ်ခဲ့စဉ်ကတည်းက အယ်ဂျီးရီးယားထက် ပြင်သစ်ကိုပဲ ရွေးချယ်ခဲ့လို့ အခုအချိန်မှာ သူ့ကို အယ်ဂျီးရီယားဘက်ကနေ ရွေးချယ်ဖို့ ငြင်းဆန်ထားပါတယ်။

၂၀၁၇ခုနှစ်က ထွက်ရှိလာခဲ့တဲ့ Le K Benzema မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ဘန်ဇီမာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားခဲ့တာဖြစ်ကာ အဲ့ဒီရုပ်ရှင်အတွင်း ဘန်ဇီမာအပါအဝင် သူရဲ့မိဘတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အသင်းဖော်တွေကို အင်တာဗျူးထားခဲ့တဲ့အကြောင်းများနဲ့ ဘန်ဇီမာရဲ့ ဘောလုံးသမားဘဝအကြောင်းတွေကို ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဘန်ဇီမာဟာ တကယ့်ကို မိသားစုတစ်ခုကနေ ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ သူဟာ ညီအစ်ကိုမောင်နှမ(၉)ယောက်အတွင်း တတိယမြောက်သားတစ်ယောက်ဖြစ်ကာ ညီအစ်ကို(၃)ယောက်နဲ့ ညီအစ်မ(၅)ယောက်အထိကို မြောက်များစွာ ပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။ ညီအကိုမောင်နှမတွေထဲကမှ ဘန်ဇီမာရဲ့ညီငယ်နှစ်ယောက်ကတော့ ဘန်ဇီမာလို ဘောလုံးသမားဘဝကို ရွေးချယ်ခဲ့ကြပေမယ့်လည်း မထင်မရှား ကစားသမားဘဝနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။