ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဂျာမန်လက်ရွေးစင် ဂိုးသမား မက်စ်အန်ဒရီတာစတီဂန်ဟာ ကလပ်အသင်းမှာရော နိုင်ငံအသင်းအတွက်ပါ အဓိကဂိုးသမားတစ်ယောက်ဖြစ်ပြီး သူရဲ့ပြောင်မြောက်လှတဲ့ ဂိုးပေါက်ကာကွယ်မှုတွေကြောင့် ဘောလုံးဇာတ်ခုံပေါ်မှာ ပရိသတ်အကြိုက် ဘောလုံးသမားတစ်ယောက်အဖြစ် သတ်မှတ်ခံလာရသူဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ဂိုးသမားတာစတီဂန်နဲ့ပတ်သက်ပြီး သူရဲ့ လူသိနည်းနေသေးတဲ့ စိတ်ဝင်စားစရာအချက်(၅)ချက်အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : La Liga

စတီဂန်က ဂိုးသမားတစ်ယောက်ဆိုပေမယ့် ငယ်စဉ်က ဘောလုံးကစားရမှာတော့ တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ မိုချန်ဂလာဘတ် လူငယ်အသင်းမှာ ပါဝင်ခဲ့စဉ်က တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ စတီဂန်က အသက်ဆယ်နှစ်လောက်မှာပဲ အသင်းရဲ့ ဂိုးသမားဒဏ်ရာရနေလို့ လူစားဝင်ဂိုးသမားအဖြစ် ဝင်ရောက်ကစားရင်း အဲ့ဒီကနေတစ်ဆင့် ဂိုးသမားနေရာကိုသာ တသတ်မတ်တည်း ကစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : La Liga

စတီဂန်က ဘာစီလိုနာမြို့ရဲ့ ရပ်ကွက်တစ်ခုမှာ နေထိုင်တာဖြစ်ပြီး နေ့စဉ်အတွင်း လျှပ်စစ်စကူတာ မြေအောက်ရထားတို့ကို စီးဆင်းလေ့ရှိသလို ခရီးတိုလေးတစ်ခုဆိုလည်း ပြေးလွှားသွားလာတတ်သူဖြစ်ပါတယ်။ စတီဂန်က အင်တာဗျူးတိုင်းမှာ ဘာစီလိုနာမြို့ကို ချစ်ခင်ကြောင်းနဲ့ မြို့အတွင်း လူနေမှုပုံစံကို သဘောကျကြောင်း ပြောဆိုထားခဲ့သလို စပိန်ဘာသာစကားကိုလည်း ကောင်းမွန်စွာ ပြောဆိုတတ်သူဖြစ်ပါတယ်။

Photo Credit : La Liga

စတီဂန်ရဲ့ “တာစတီဂန်” ဆိုတဲ့ နာမည်ဟာ ဂျာမန်နာမည်မဟုတ်ပဲနဲ့ နယ်သာလန်နာမည်တစ်ခုသာဖြစ်ပါတယ်။ စတီဂန်ဟာ ဂျာမန်-နယ်သာလန် နယ်စပ်နားမှာရှိတဲ့ မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ကာ သူရဲ့ ဘိုးဘေးဘီဘင်တွေကလည်း နယ်သာလန်သွေးရောထားသူဖြစ်သလို သူလက်ထပ်ထားတဲ့ သူ့ချစ်သူကလည်း နယ်သာလန်နိုင်ငံသူ ဖြစ်နေပါသေးတယ်။

Photo Credit : La Liga

စတီဂန်က နာမည်ကျော် ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့် သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဂျာမနီအသင်းနဲ့ကတော့ အခုချိန်ထိကို ကမ္ဘာ့ဖလားရော ယူရိုဖလားပြိုင်ပွဲတွေမှာပါ တစ်ကြိမ်မှ မကစားခဲ့ဖူးသေးပါဘူး။ ဂျာမန်က ပြိုင်ပွဲကြီးတွေမှာ ဂိုးသမားကို နူအာပဲ ဆက်တိုက်သုံးစွဲတာကြောင့် စတီဂန်အနေနဲ့ ဒီပြိုင်ပွဲကြီး(၂)ခုမှာ အခုထိကို မကစားခဲ့ဖူးသေးတာဖြစ်ပါတယ်။

Photo Credit : La Liga

လက်ရှိရာသီမှာ စတီဂန်ဟာ ဘာစီလိုနာဂိုးပေါက်အတွက် စွမ်းစွမ်းတမံ ကာကွယ်ထားနိုင်သူဖြစ်သလို အသင်းအတွက်ကိုလည်း သွင်းဂိုး(၂)ဂိုးအထိတောင် ဖန်တီးပေးထားသူဖြစ်ပါတယ်။ စတီဂန်က ဂီတာဖေးအသင်းဘက်ကို ဆွာရက်ဇ်သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ ဖန်တီးပေးထားနိုင်ခဲ့သလို မာယော့ကာအသင်းဘက်ကို ဂရစ်ဇ်မန်းသွင်းယူခဲ့တဲ့ သွင်းဂိုးကိုလည်း သူကဖန်တီးပေးထားနိုင်ခဲ့ပါတယ်။