လက်ရှိမှာ Free Agents ဖြစ်နေရတဲ့ ကစားသမားတွေအကြောင်းကို ဖော်ပြလာခဲ့တာဆိုရင် ဂိုးသမားနဲ့ ဗဟိုနောက်ခံလူတွေအကြောင်း ပြီးသွားပြီဖြစ်လို့ ဒီတစ်ခေါက်တော့ ညာနောက်ခံလူနဲ့ ဘယ်နောက်ခံလူတွေထဲကမှ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ Free Agents နောက်ခံအစွန်လူတွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

ကိုလာရော့ဗ်

အသက်(၃၅)နှစ်အရွှယ်ရှိ ဆာဘီးယား ဘယ်နောက်ခံကစားသမားကြီး ကိုလာရော့ဗ်ကတော့ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်လို့နေရတယ်ဆိုပေမယ့် သူ့လို ဝါရင့်သမ္ဘာ့ရင့် ကစားသမားမျိုးကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ များစွာရှိလို့နေတဲ့အပြင် သူကိုယ်တိုင်လည်း စီးရီးအေကလပ်တစ်သင်းကို ရွေးချယ်ဖွယ် ရှိနေပါတယ်။

ဟေဆိုင်

နာပိုလီအသင်းရဲ့ ညာနောက်ခံကစားသမား ဟေဆိုင်ကလည်း ဇူလိုင်(၁)ရက်နေ့မှာပဲ အသင်းနဲ့ သက်တမ်းကုန်ဆုံးသွားလို့ Free Agent ဖြစ်သွားခဲ့ပြီး သူ့လို အရည်အသွေးမြင့်တဲ့ နောက်ခံအစွန်လူတစ်ယောက်ကို အလိုရှိနေတဲ့ အသင်းတွေ များစွာရှိနေပြီး လတ်တလောမှာတော့ သူ့ဆရာသမားဟောင်း ဆာရီကိုယ်တိုင်နေတဲ့ လာဇီယိုအသင်းနဲ့ သတင်းထွက်နေပါတယ်။

ဒီဘူချီ

ဒီပြင်သစ်နောက်ခံအစွန်လူကြီး ဒီဘူချီဟာ အာဆင်နယ်အသင်းမှာပါ ပါဝင်ကစားခဲ့ဖူးသူဖြစ်သလိုု ဒီနောက်ပိုင်းမှာလည်း လီဂူးကလပ်အသင်းတွေမှာ ပါဝင်လို့နေပြီး လတ်တလောမှာတော့ စိန့်အက်တီယန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်လို့နေရပါတယ်။ အသက်(၃၅)နှစ်အရွှယ် ရှိနေရတဲ့ ညာနောက်ခံလူ ဒီဘူချီကိုတော့ လီဂူးကလပ်တွေလောက်ပဲ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

ဗန်အန်ဟော့

ယူရို-၂၀၂ဝပြိုင်ပွဲမှာပါ နယ်သာလန်အသင်းနဲ့အတူ ပါဝင်ကစားထားခွင့် ရရှိလို့ထားတဲ့ ဗန်အန်ဟော့ကတော့ လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်သွားခဲ့လို့ Free Agent ဖြစ်သွားခဲ့ရပေမယ့် သူ့လို အရည်အသွေးမြင့် ဘယ်နောက်ခံကစားသမားကို ဥရောပကလပ်အသင်းများစွာကနေ အလိုရှိနေမှာ သေချာပါတယ်။

ဗီဒယ်

ဆီဗီလာ ဘာစီလိုနာအသင်းတို့ရဲ့ နောက်ခံအစွန်လူဟောင်း အလက်ဆစ်ဗီဒယ်ဟာလည်း ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်သွားချိန်မှာ သက်တမ်းမတိုးမြှင့်တော့ပဲ Free Agent ဖြစ်နေရပါတယ်။ လာလီဂါကလပ်အသင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ အသက်(၃၁)နှစ်အရွှယ် ညာနောက်ခံလူ ဗီဒယ်ကို လာလီဂါအသင်းများ အထူးသဖြင့် လာလီဂါပြိုင်ပွဲဆီ တန်းပြန်တတ်လာတဲ့ အသင်းတွေကနေ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။