လာမယ့်(၁၁)ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် (၃)လဝန်းကျင်လောက် ရပ်နားထားခဲ့ရတဲ့ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲကြီးကို  ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။ စပိန်လာလီဂါဆိုတာကလည်း ကမ္ဘာပေါ်မှာ ကောင်းပေ့ဆိုတဲ့ ဘောလုံးသမားတွေ ဝင်ရောက်ဆင်နွဲနေတဲ့ လိဂ်ပြိုင်တစ်ခုဖြစ်သလို ကမ္ဘာ့ထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် အသက်လက်တီကိုတို့လို အသင်းတွေရဲဲ့လိဂ်ပြိုင်ပွဲဖြစ်လို့ အားလုံးကလည်း စိတ်ဝင်တစားရှိကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပြန်လည်စတင်တော့မယ့် လာလီဂါပြိုင်ပွဲနဲ့ စောင့်ကြည့်သွားရမယ့် ကစားသမား(၅)ယောက်အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

လီယွန်နယ်မက်ဆီ

ဘယ်ဘောလုံးရာသီပဲရောက်ရောက် မဖြစ်မနေ စောင့်ကြည့်ရမယ့် ကစားသမားကတော့ မက်ဆီပါ။ မက်ဆီရဲ့အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍာက ဘယ်လောက်ထိကြိးမားလဲဆိုတာ အထွေအထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ မက်ဆီက ဒီရာသီမှာလည်း လိဂ်သွင်းဂိုး(၁၉)ဂိုး သွင်းယူထားနိုင်ပြီး လာလီဂါရွှေဖိနပ်ဆုကိုလည်း ပိုင်ဆိုင်နိုင်ဖို့က အခြေအနေကောင်းနေသလို သူရဲ့သွင်းဂိုးတွေနဲ့ ဘာစီလိုနာအသင်းကို လာလီဂါဆုဖလား သိမ်းပိုက်နိုင်အောင် ကူညီနိုင်မှာဖြစ်ပါတယ်။

မာတင်အိုဒီဂတ်

ရီးရဲလ်မက်ဒရစ်အသင်းကနေ ဆိုစီဒက်အသင်းမှာ အငှားနဲ့လာကစားနေတဲ့ နော်ဝေကွင်းလယ်ကစားသမား အိုဒီဂတ်ကလည်း လက်ကျန်ပွဲတွေမှာ စောင့်ကြည့်ရမယ့်သူဖြစ်ကာ ဒီနှစ်ရာသီမှာလည်း သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု(၅)ကြိမ်အထိ ပြုလုပ်ထားခဲ့ပါတယ်။ လက်ရှိ ဆိုစီဒက်က အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ရောက်ရှိနေတာဖြစ်လို့ ၂၀၁၃ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရရှိဖို့က အိုဒီဂတ်ရဲ့ အသင်းအအတွက် စွမ်းဆောင်ရည်တွေအပေါ်မှာ မူတည်နေပါလိမ့်မယ်။

ကော်တွိုက်စ်

၂၀၁၈ခုနှစ်ကမှ ရီးရဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဘယ်ဂျီယံဂိုးသမား ကော်တွိုက်စ်ကတော့ သူရဲ့ပထမရာသီက အဆင်မပြေမှုတွေနဲ့ ရုန်းကန်ခဲ့ရသလောက် ဒီရာသီမှာ လက်စွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ကာ သူရဲ့ပွဲစဉ်တစ်ပွဲအတွင်း ခွင့်ပြုပေးရတဲ့ သွင်းဂိုးနှုန်းက ၀.၆၇% သာ ရှိနေတာကြောင့် ဒီရာသီ လာလီဂါရဲ့ အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးဖို့ ရေပန်းစားလျက်ရှိနေသလို သူရဲ့လက်စွမ်းတွေနဲ့ ရီးရဲလ်ကို လာလီဂါချန်ပီယံဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။

လူးကပ်စ်ပီရက်စ်

တန်းဆင်းဇုန်အန္တရာယ်နဲ့ နီးကပ်နေသေးတဲ့ အသင်းတွေထဲမှာ အလာဗက်စ်လည်း ပါဝင်လို့နေပြီး အဆင့်(၁၈)နေရာက မာယော့ကာနဲ့ ရမှတ်(၇)မှတ်သာ ကွာဟနေပါတယ်။ ဒီလို အခြေအနေကနေ အသင်းကို ကယ်တင်ပေးနိုင်မယ့်သူက တိုက်စစ်မှူးလူးကပ်စ်ပီရက်စ်ပါ။ မက်ဆီ ဘန်ဇီမာတို့ပြီးရင် လာလီဂါမှာ တတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆွာရက်ဇ် ရော်ဂျာမာတီ မော်ရီနိုတို့အတူ ရပ်တည်လို့နေတဲ့ ပီရက်စ်ဟာ သူရဲ့အကောင်းဆုံးပုံစံနဲ့ အလာဗက်စ်ကို လာလီဂါမှာ ဆက်ရှိနိုင်အောင် ကူညီနိုင်ဖွယ် ရှိနေပါတယ်။

မားကို့စ်လော်ရန်တေး

ပြီးခဲဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို နောက်ကောက်ကျအောင် လုပ်နိုင်ခဲ့တဲ့ ကွင်းလယ်လူလော်ရန်တေးပါ။ သူရဲ့သွင်းဂိုး(၂)ဂိုးကြောင့် အသက်လက်တီကိုက ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တတ်ခဲ့ရတာဖြစ်ပြီး အခုလို သူရဲ့စွမ်းဆောင်နိုင်မှုကြောင့် သေချာတာကတော့ လက်ကျန်လာလီဂါပွဲတွေမှာ အေတီကိုရဲ့ ပွဲထွက်ကစားသမား ဖြစ်လာဖို့က သေချာသလောက်ကို ရှိနေပါတယ်။