အသင်းလက်မဲ့ ဖြစ်နေရတဲ့ ကစားသမားတွေအကြောင်းကို ဆက်တိုက်ဖော်ပြလာခဲ့တာ အခုဆိုရင် တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတွေထဲကမှ Free Agent ဖြစ်နေတဲ့ ကစားသမားတွေအကြောင်းကို ဖော်ပြရမယ့်အလှည့် ရောက်လို့လာခဲ့ပါပြီ။ ဘယ်ကစားသမားတွေ ပါဝင်လာမလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးပါဦးခင်ဗျာ။

ရစ်ဘာရီ

အသက်(၃၈)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ်ဝါရင့် တောင်ပံကစားသမားကြီး ဖရန့်ရစ်ဘာရီကတော့ ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ အသက်(၄၀)နား ကပ်နေပြီဖြစ်ပေမယ့် ရစ်ဘာရီကတော့ ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းတစ်သင်းကို ဆက်လက်ရှာဖွေသွားဖွယ် ရှိနေပါတယ်။

မီရာလက်စ်

အဲဗာတန် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကယ်ဗင်မီရာလက်စ်ကို ပရီးမီးယားလိဂ် ပရိသတ်များစွာက သိရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ ဘယ်ဂျီယံ ညာတောင်ပံကစားသမား မီရာလက်စ်ဟာ တူရကီကလပ်အသင်းမှာ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် Free Agent ကစားသမား ဖြစ်သွားခဲ့ရပြီး နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်း ကျဆင်းသွားတဲ့ သူ့ကို မထင်မရှား ကလပ်အသင်းတွေလောက်ပဲ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

ကာလူး

ချယ်လ်ဆီးပရိသတ်တိုင်း ဆော်လမွန်ကာလူးဆိုတဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမားကို သိကြပါလိမ့်မယ်။ တကယ့်ကို စွမ်းဆောင်ရည်တဲ့ ကာလူးဟာ လက်ရှိမှာတော့ အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကတည်းက ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် Free Agent ကစားသမားဘဝကို ရောက်ရှိလို့နေရပါတယ်။

တောင်ဆန်

စပါး နယူးကာဆဲလ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ တောင်ပံကစားသမား အန်ဒရူးတောင်ဆန်ဟာလည်း ဒီလအတွင်းမှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ ဖြစ်သွားခဲ့ပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ကြွယ်ဝပြီး အသက်(၂၉)နှစ်သာ ရှိနေသေးတဲ့ ဒီကစားသမားကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ အင်္ဂလန်ကလပ်အသင်းတွေ များစွာရှိနေပါတယ်။

ဂျော်ဒန်အိုက်

လက်ရှိမှာ အသက်(၂၅)ပဲ ရှိနေသေးတဲ့ ကစားသမားတစ်ယောက် လီဗာပူးလ်လူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်က အသင်းလက်မဲ့ အနေအထားအထိ ရောက်ရှိနေတာ မယုံနိုင်စရာပါ။ ဘုန်းမောက်ကနေ ဒါဘီအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ အိုက်ဟာ ဒါဘီနဲ့လည်း စာချုပ်ဖျက်သိမ်းပြီးနောက် လက်ရှိမှာ Free Agent ဖြစ်နေရပေမယ့် အချိန်ပြည့် ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေကတော့ တော်တော်လေးကို နည်းပါးနေနိုင်ပါတယ်။