အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ကစားသမားတွေကို နေ့တိုင်းဖော်ပြလာခဲ့တာ အခုဆိုရင်တော့ ကွင်းလယ်ကစားသမားတွေထဲကမှ Free Agents ဖြစ်နေရတဲ့ ကွင်းလယ်လူတွေအကြောင်းကို ဖော်ပြရမယ့် အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော Free Agents ဖြစ်နေရတဲ့ ထိပ်တန်းကွင်းလယ်ကစားသမား(၅)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ပေါ်လင်ညို

စပါး ဘာစီလိုနာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါ်လင်ညိုကတော့ တရုတ်စူပါလိဂ်မှာ ကျင်လည်ခဲ့ပြီးနောက် အခုအချိန်မှာ အသင်းလက်မဲ့ ကစားသမား ဖြစ်လို့နေပြီဖြစ်ပြီး သူ့လို အတွေ့အကြုံရင့် ဘရာဇီးကွင်းလယ်လူတစ်ယောက်အနေနဲ့ တရုတ်မှာပဲ ဆက်နေမလား ကျင်လည်ခဲ့ဖူးတဲ့ ဥရောပကိုပဲ ပြန်ရောက်လာမလားဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ရာမီရက်စ်

တစ်လက်စတည်းမှာပဲ ပေါ်လင်ညိုလို ဘရာဇီးကစားသမားလည်းဖြစ် တရုတ်ဘောလုံးမှာ ကျင်လည်နေတဲ့သူလည်းဖြစ်တဲ့ ရာမီရက်စ်ဟာလည်း လက်ရှိမှာ Free Agent ဖြစ်လို့နေပါတယ်။ ချယ်လ်ဆီး ဘင်ဖီကာတို့မှာ ပါဝင်ခဲ့ဖူးတဲ့ ရာမီရက်စ်က လက်ရှိ ပါးလ်မီးရက်စ်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်လို့နေပြီး အသက်(၃၄)အရွှယ် ရှိနေပြီဖြစ်တဲ့ ဒီကစားသမားကို ဘရာဇီးကလပ်တွေလောက်သာ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

ဝီရှိုင်းယား

အာဆင်နယ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး စီနီယာအသင်းမှာလည်း (၆)နှစ်တာလောက် ကစားခဲ့ရတဲ့ ဂျက်ဝီရှိုင်းယားဟာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြသာနာများကြောင့် သူရဲ့ကစားသမားဘဝက ထိုးကျသွားခဲ့ရပြီး လက်ရှိမှာလည်း ဘုန်းမောက်အသင်းနဲ့ လမ်းခွဲလိုက်ရလို့ အသင်းလက်မဲ့ ကစားသမားတစ်ယောက် ပြန်ဖြစ်သွားခဲ့ရပါတယ်။

ဘင်အာဖာ

အပေါ်မှာ ဖော်ပြခဲ့တဲ့ ကစားသမားတွေက ကွင်းလယ်ကစားသမားစစ်စစ်တွေဖြစ်ပြီး အခုဖော်ပြမယ့် ဘင်အာဖာကတော့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တယ်ဆိုတာ အရင်အသိပေးလိုပါတယ်။ အသက်(၃၄)နှစ်တောင် ရှိလို့နေပြီဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ဘင်အာဖာက ပရီးမီးယားလိဂ်နဲ့ လီဂူးကလပ်အသင်းတွေများစွာမှာ ကျင်လည်ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ လိုင်လီအသင်းနဲ့ သတင်းထွက်လို့နေပါတယ်။

အဆာမို

အင်တာမီလန် ဂျုဗင်တပ်စ်တို့လို စီးရီးအေ ထိပ်တန်းအသင်းတွေအပြင် တခြားသော အီတလီကလပ်အသင်းပေါင်းများစွာမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဂါနာကွင်းလယ်လူကြီး အဆာမိုဟာလည်း ကာဂလီယာရီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရပြီဖြစ်လို့ သူ့ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်သလို ထုံးစံအတိုင်း စီးရီးအေကလပ်အသင်း တစ်သင်းသင်းဆီကိုပဲ ထပ်မံပြောင်းရွေ့ဖွယ် ရှိနေပါတယ်။