ချယ်လ်ဆီးအသင်းကို ကစားသမားဟောင်း ဖရန့်လမ်းပတ် ကိုင်တွယ်လာချိန်မှာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ တမ်တီအေဘရာဟမ် မေဆန်မောင့် ရီးစ်ဂျိမ်းစ်တို့ကို နေရာပေးလာခဲ့သလို ဂေးလ်မောကိုလည်း ပွဲအနည်းငယ်မှာ အသုံးပြုလာခဲ့ပါတယ်။ ဒါပေမယ့် ယခင်တုန်းကတော့ ချယ်လ်ဆီးအသင်းဟာ သူတို့အကယ်ဒမီက လူငယ်ကစားသမားလေးတွေကို ထိန်းသိမ်းထားနိုင်ခြင်းမရှိပဲ အသင်းကနေ လက်လွတ်ခဲ့ရကာ ဒီထဲကမှ နှမျောစရာအကောင်းဆုံး ဖြစ်စေရမယ့် ကစားသမားဟောင်းတွေကို ဖော်ပြသွားချင်ပါတယ်။

ဒီကလန်ရိုက်စ်

Photo Credit : The Sun

သေချာပေါက်ကို နှမျောစရာကောင်းလှတဲ့ ဆုံးရှုံးမှုတစ်ခုပါ။ ရိုက်စ်က ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ကာ (၁၄)နှစ်အရွှယ်မှာပဲ ဝက်စ်ဟမ်းကို ရောက်ရှိခဲ့ရပြီး အခုဆိုရင် ဝက်စ်ဟမ်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်နေခဲ့ရသလို ချယ်လ်ဆီးအသင်းကနေလည်း သူ့ကို ပြန်အလိုရှိနေခဲ့ကာ လာမယ့်နွေလောက်မှာပဲ အသင်းဆီ အရပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။

နာသန်အကီ

Photo Credit : The Sun

လက်ရှိ မန်စီးတီးအသင်းမှာ ပါဝင်ကစားနေတဲ့ နောက်ခံလူအကီကလည်း နယ်သာလန် ကလပ်တွေရဲ့ အကယ်ဒမီတွေကနေမှ ချယ်လ်ဆီးအကယ်ဒမီကို ရောက်လာခဲ့ရကာ (၅)နှစ်တာကာလအတွင်း အငှားကစားသမားအဖြစ်နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။ အခုတော့ အကီဟာ မန်စီးတီးမှာ ပါဝင်ကစားနေရတဲ့အပြင် နယ်သာလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရပါတယ်။

အန်ခီတာယက်

Photo Credit : The Sun

အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အန်ခီတာယက်ဟာလည်း အာဆင်နယ်မှာ မကစားခင်က လန်ဒန်ပြိုင်ဘက် ချယ်လ်ဆီးရဲ့အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ အန်ခီတာယက်က ၂၀၀၈မှာ ချယ်လ်ဆီးအကယ်ဒမီကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၅မှာပဲ အာဆင်နယ်အကယ်ဒမီဆီ ပြောင်းရွှေ့ခဲ့ကာ သူ့လို လူငယ်ကြယ်ပွင့်တစ်ယောက်ကို လက်လွတ်ခဲ့ရတာလည်း နှမျောစရာ ဖြစ်ခဲ့ရပါတယ်။

ဘရူစတား

Photo Credit : The Sun

အန်ခီတာယက်လိုပဲ ချယ်လ်ဆီးအကယ်ဒမီကို ၂၀၀၈ခုနှစ်မှာ ရောက်ရှိလာခဲ့တဲ့ နောက်ထပ် အင်္ဂလန်လူငယ်ကြယ်ပွင့်တစ်ဦးကတော့ ရာဟင်ဘရူစတားပါ။ သူလည်း ၂၀၁၅ခုနှစ်မှာ လီဗာပူးလ်အကယ်ဒမီဆီ ရောက်ရှိခဲ့ပြီး အခုတော့ ရှက်ဖီးယူနိုက်တက်အသင်းမှာ ပါဝင်ကစားလို့နေပါတယ်။ ဘရူစတားဟာ အင်္ဂလန်ယူ-၁ရအသင်းနဲ့ ကမ္ဘာ့ဖလားကို ဗိုလ်စွဲထားနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဘာထရန်ထရာအိုရေး

Photo Credit : The Sun

ဒီကစားသမားကတော့ လက်ရှိမှာ အက်စတွန်ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိနေပြီဖြစ်ပြီး ချယ်လ်ဆီးအကယ်ဒမီကိုတော့ ၂၀၁၃တုန်းက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တကယ်ဆိုရင် ထရာအိုရေးဟာ အော်ဇေးအကယ်ဒမီကနေ ချယ်လ်ဆီးအကယ်ဒမီဆီ ၂၀၁ဝလောက်ကတည်းက ရောက်ရှိနေတာဖြစ်ပေမယ့် (၃)နှစ်အကြာမှသာ သူ့ကို စာချုပ်ချုပ်ဆိုခဲ့တာာဖြစ်ပါတယ်။ အေဂျက်စ် လိုင်ယွန်တို့မှာ ပါဝင်ခဲ့တဲ့ ထရာအိုရေးဟယာ အခုတော့ ဗီလာမှာ ကစားနေပါတယ်။