စပါးအသင်းကတော့ နည်းပြနူနိုဆန်တိုကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ နည်းပြသစ်အဖြစ် ဒီနှစ်ဘောလုံးရာသီ အစပိုင်းကတည်းက တကယ့်ကို အလိုရှိနေခဲ့တဲ့ အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ အန်တိုနီယိုကွန်တီကို ခန့်အပ်သွားနိုင်ခဲ့ပါတယ်။ အခုလို စပါးအသင်းကို ကွန်တီရောက်လာခဲ့ပြီးနောက် နည်းပြသစ် ကွန်တီအနေနဲ့ သူရဲ့အသင်းသစ် စပါးဆီကို ခေါ်ယူသွားနိုင်ဖွယ် ရှိနေတဲ့ ကစားသမား(၅)ဦးအကြောင်းကို ဗြိတိန်နာမည်ကျော် The Sun သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

မားကို့စ်အလွန်ဆို

ကွန်တီ ချယ်လ်ဆီးကို စရောက်လာချိန်မှာ အလွန်ဆိုကို နေရာပိုပေးခဲ့သလို ဒီဆရာတပည့်(၂)ယောက် ပူးပေါင်းပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။ လက်ရှိမှာလည်း အလွန်ဆိုက ချယ်လ်ဆီးမှာ နေရာပုံမှန်ရဖို့ ခက်ခဲနေတာဖြစ်လို့ ကွန်တီအနေနဲ့ သူရဲ့အသင်းသစ် စပါးအသင်းဆီ ခေါ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။

မာတီနက်ဇ်

ဒီတိုက်စစ်ကစားသမားက စပါးအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးပြီး ကွန်တီ အင်တာကို ကိုင်တွယ်ခဲ့ချိန်မှာလည်း လူကာကူနဲ့တွဲဖက်ကာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ အခု ကွန်တီ စပါးကို ရောက်လာချိန်မှာ မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် စဉ်းစားလာနိုင်ပေမယ့် မာတီနက်ဇ်က မကြာသေးခင်ကမှ အင်တာနဲ့ သက်တမ်းတိုးထားတာဖြစ်လို့ အရခေါ်ဖို့က ခက်ခဲနိုင်ပါတယ်။

ဒီဗရိုင်း

ကွန်တီက သူကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ခံစစ်ပိုင်းကို အကျစ်လစ်ဆုံးဖြစ်အောင် တည်ဆောက်တတ်တဲ့ နည်းပြတစ်ဦးပါ။ အခု စပါးကို ရောက်ချိန်မှာလည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် အင်တာနောက်ခံလူ ဒီဗရိုင်းကိုခေါ်ယူပြီး ခံစစ်ကို အခိုင်မာဆုံးဖြစ်အောင် ပြင်ဆင်လာနိုင်ပါတယ်။

ဘရိုဇိုဗစ်

ဒီရာသီအကုန်မှာ အင်တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ခရိုအေးရှား ကွင်းလယ်လူ ဘရိုဇိုဗစ်ကိုလည်း ကွန်တီက စပါးအသင်းဆီ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။ အတွေ​အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီလိုကစားသမားမျိုးကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ ခေါ်ယူနိုင်မယ်ဆိုရင် တကယ်ကို အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ဘာရယ်လာ

အင်တာ စီးရီးအေ ချန်ပီယံဆု ရရှိတဲ့နှစ်မှာ ဘာရယ်လာရဲ့ စွမ်းဆောင်မှုတွေက အဓိကနေရာကနေ ပါဝင်ခဲ့သလို အီတလီရဲ့ အထွန်းတောက်ဆုံး ကွင်းလယ်လူ ဖြစ်နေတာကြောင့် ကွန်တီအနေနဲ့ သူ့တပည့်ကို စပါးအသင်းဆီ အရခေါ်ယူနိုင်ဖို့က အတော်လေး ခက်ခဲနိုင်ပါတယ်။