မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးဟာ သူရဲ့အာဂျင်တီးနားအသင်းဖော် လီယွန်နယ်မက်ဆီနဲ့ ကလပ်အသင်း တစ်သင်းတည်းမှာ တွဲဖက်ကစားလိုတဲ့ ဆန္ဒနဲ့ ဘာစီလိုနာကို ရွေးချယ်ခဲ့တာဖြစပေမယ့် လက်ရှိမှာ မက်ဆီက ဘာစီလိုနာနဲ့ လက်တွဲဖြုတ်ခဲ့တာကြောင့် အဂွဲရိုးကိုယ်တိုင်ကပါ ဘာစီလိုနာမှာ ပါဝင်ကစားဖို့ ဆန္ဒမရှိတော့ပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Football Talk Twitter

မန်စီးတီးအသင်းမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကြီး အဂွဲရိုးဟာ ဒီနွေစျေးကွက်အတွင်းမှာပဲ သူရဲ့လက်ရွေးစင်အသင်းဖော် မက်ဆီရှိရာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘာစီလိုနာ ပရိသတ်တွေကလည်း မက်ဆီ အဂွဲရိုးတို့ တိုက်စစ်အတွဲအဖက်ကို မြင်တွေ့ရတော့မယ်ဆိုကာ စိတ်လှုပ်ရှားနေကြပေမယ့် ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ လာလီဂါရဲ့ ကလပ်အသင်းတွေအပေါ် စည်းမျဉ်းပိုင်းဆိုင်ရာ ကန့်သတ်မှုတွေကြောင့် မက်ဆီက ဘာစီနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်တော့ပဲ လမ်းခွဲသွားခဲ့ရပါတယ်။

Photo Credit : Tech-Gate

ဒီလို လက်ရွေးစင် အသင်းဖော်လည်းဖြစ် အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးလည်းဖြစ်တဲ့ မက်ဆီက အသင်းနဲ့ အခုလိုကြီး လက်တွဲဖြုတ်လိုက်ရခြင်းကို အဂွဲရိုးကိုယ်တိုင် တော်တော်လေးကို စိတ်ပျက်သွားခဲ့ရတာကြောင့် ဘာစီလိုနာအသင်းနဲ့ပင် ရှေ့မဆက်ချင်တော့ပဲ အသင်းနဲ့ သူရဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ကိုပါ ဖျက်သိမ်းဖို့အတွက် ရှေ့နေတွေနဲ့ ဆောင်ရွှက်နေတယ်လို့ စပိန်မီဒီယာတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ Legend ကစားသမားတစ်ယောက်အပြင် နောက်ထပ် အားကိုးအားထားရမယ့် ကစားသမားတစ်ဦးကိုပါ ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးရမယ့် အနေအထားမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာတော့ မက်ဆီဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ များစွာထဲကမှ အသင်းဖော်ဟောင်း နေမာရှိရာ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေတယ်လို့ သတင်းမီဒီယာ တော်တော်များများကနေ ဖော်ပြလျက်ရှိနေသလို ပီအက်စ်ဂျီဘက်ကလည်း အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဘာပေကို လက်လွတ်ပြီး မက်ဆီကို ပြန်လည်ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။