ပြင်းထန်လွန်းလှတဲ့ ဒူးဒဏ်ရာ ပြသာနာကြောင့် နိုဝင်ဘာနှောင်းပိုင်းကတည်းကနေ အနားယူနေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာ လက်ရှိမှာ သူရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုပါ ခံယူသွားတော့မှာ ဖြစ်တဲ့အတွက် အသင်းရဲ့ လက်ကျန်ရာသီ ပွဲစဉ်အားလုံးကို လွဲချော်ရဖွယ် ရှိနေတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ အသင်းအတွက် ဘယ်နောက်ခံလူတစ်ဦးကို အရခေါ်ယူသွားရဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာ အဲဗာတန်အသင်းရဲ့ ဘယ်နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နေး အေစီမီလန် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ် အပါအဝင် ဘယ်နောက်ခံကစားသမားများစွာကို ပစ်မှတ်ထားနေတာဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းလည်းရှိပြီး အသင်းအပြောင်းအလဲ လုပ်ဆောင်နိုင်ခြေရှိတဲ့ အဲဗာတန် နောက်ခံအစွန်လူ ဒစ်ဂ်နေးကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာ နောက်ခံလူဟောင်း ဒစ်ဂ်နေးကို လက်ကျန်ဘောလုံးရာသီ အကုန်ထိသာ ကာလတို အငှားစာချုပ်နဲ့ ကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဘယ်နောက်ခံလူ ဒစ်ဂ်နေးဟာ ပီအက်စ်ဂျီ ဘာစီလိုနာတို့လို ဥရောပထိပ်သီး ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ ဘာစီလိုနာကနေ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားထားခဲ့တဲ့ ဒစ်ဂ်နေးဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့် လက်ရှိ အသင်းရဲ့နည်းပြ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် အာဆင်နယ် ပဲလေ့စ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဒီအခြေအနေပေါ် ဒစ်ဂ်နေးကိုယ်တိုင် စိတ်ပျက်လာတာကြောင့် ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေပေမယ့် အသင်းဘက်ကတော့ ဒစ်ဂ်နေးကို အပြီးသတ် လက်လွတ်ဖို့ အစီအစဉ် မရှိတာကြောင့် ချယ်လ်ဆီးဘက်ကနေ ဒစ်ဂ်နေးကို အငှားကမ်းလှမ်းမှုနဲ့သာ ချဉ်းကပ်ရနိုင်ပါတယ်။ တကယ်လို့ ဒစ်ဂ်နေးကို အငှားနဲ့ ခေါ်ယူဖို့ မလွယ်ကူရင် လိုင်ယွန်အသင်းဆီ အငှားချထားတဲ့ အီတလီ ဘယ်နောက်ခံလူ အီမာဆန်ကိုပဲ အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖွယ် ရှိနေပါတယ်။