ဘရာဇီး ဂန္တဝင် ကွင်းလယ်လူ ကာကာကတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေက ဘရာဇီး တိုက်စစ်မှူး ဖာမင်နို နဲ့ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်စ်တို့ ဖြစ်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်း နဲ့ ရီးရဲလ်အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း ကာကာဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် (၂၀၁၁) ခုနှစ်က လွဲရင် (၂၀၀၂) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ ကစားခဲ့ပြီး ပွဲစဉ် (၉၂) ပွဲ ကစားခဲ့ရာမှာ (၂၉) ဂိုးအထိ သွင်းယူခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုဟာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားခဲ့ရာမှာ (၈) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ကတော့ လာလီဂါ ပွဲစဉ် (၁၇) ပွဲ ကစားရာမှာ (၁၁) ဂိုး သွင်းယူခဲ့ပါတယ်။ ကွင်းလယ် ကစားသမားဟောင်း ကာကာကတော့ ဖာမင်နို နဲ့ ဆွာရက်စ်တို့ကို ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေလို့ ပြောခဲ့သလို အလီဆွန်ကိုလည်း ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Sky Sports မှာ ကာကာက “ဂိုးသမား အလီဆွန်က လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားပါ။ ဖာဘင်ဟိုက အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးပါ။ ကျွန်တော့်အတွက်က ဖာမင်နို နဲ့ ဆွာရက်စ်က လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေပါ။ ဖာမင်နိုင်ကတော့ ပင်နယ်တီ ကွင်းထဲမှာပဲ အချိန်ပြည့် ရှိနေတဲ့ ကစားသမား မဟုတ်ဘဲ ဘောလုံးကို သွားယူပြီး ကစားကွက်တွေကို ပုံဖော်ပေးပါတယ်။ ဒါဟာ တကယ် ကောင်းတဲ့ အရာပါ”လို့ ပြောခဲ့ပါတယ်။