အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဖီအိုရင်တီးနားအသင်းဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ လူငယ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပမာဏကို ဆုံးဖြတ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဖီအိုရင်တီးနားအသင်းနဲ့ အတူ စတင် တောက်ပလာတဲ့ လူငယ် တိုက်စစ်မှူး တဦးပဲ ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီမှာလည်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ဆက်လက် သက်သေပြထားသူပါ။

Photo Credit: Marca

အရပ်အမြင့် ၆ပေ ၂လက်မ ရှိတဲ့ ဗလာဟိုဗစ်ဟာ ကြံ့ခိုင်မှု အားကောင်းသလို အဆုံးသတ်စွမ်းရည်ကလည်း အတော်လေး သေသပ်တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဖီအိုရင်တီးနားအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ အသင်းအတွက် အားထားရမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကြတဲ့ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းတို့ဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက် ဆောင်ရွက်နေကြပါတယ်။

Photo Credit: Marca

ဖီအိုရင်တီးနားအသင်း ကတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်လိုက်ကတည်းက ဗလာဟိုဗစ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ဗလာဟိုဗစ်ရဲ့နေရာ အတွက် တိုက်ရိုက် အစားထိုးမှု တရပ် အဖြစ် လိုင်လီအသင်းရဲ့ တိုက်စစ်မှူး အိုင်ကွန်နေးကို ခေါ်ယူဖို့လည်း တရားဝင် သဘောတူညီမှု ရရှိထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနားအသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှ စတင်ကာ ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုတွေကို စတင် လက်ခံဖို့ ပြင်ဆင်ထားပြီး ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ရမှသာ ရောင်းချဖို့ စဉ်းစားထားကြောင်းလည်း သိရပါတယ်။