မနေ့ကပဲ မန်ချက်စတာယူနိုက်တက်အသင်းက ဖီအိုရင်တီးနားရဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီယန်အန်မရာဘတ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ personal agreed ရရှိထားတယ်လို့ RAI Sport ကနေ သတင်းဖော်ပြလာမှုအပေါ် ဖီအိုရင်တီးနား အမှုဆောင်ချုပ်က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

Photo Credit : Manchester Evening News

မန်ယူနိုက်တက်အသင်းက ဒီနွေမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် သူတို့အသင်းရဲ့ အဓိကပစ်မှတ် မေဆန်မောင့်ကို ချယ်လ်ဆီးအသင်းကနေ ပေါင် သန်း(၆၀)နဲ့ ခေါ်ယူထားပြီး မနေ့ကပဲ ဆေးစစ်ချက် အောင်မြင်သွားခဲ့ပါတယ်။ ဒီအချိန်မှာ အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ သူတို့တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကြိုးပမ်းခဲ့ဖူးတဲ့ အန်မရာဘတ်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ဖော်ပြလာခဲ့ရာ ယူနိုက်တက် ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ဘာကြောင့်လဲဆိုတော့ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမား ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအတွက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့သလို ဖီအိုရင်တီးနားအသင်းမှာလည်း အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြသနေတာကြောင့် ဒီလို player မျိုးကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့ နီးစပ်နေခြင်းအပေါ် ယူနိုက်တက် ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် အီတလီက ထွက်ပေါ်လာတဲ့ သတင်းက သိပ်ပြီး ခိုင်မာမှု မရှိလှသလို ဖီအိုရင်တီးနား CEO ဘက်ကလည်း ဒီသတင်းအပေါ် တုံ့ပြန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

“အန်မရာဘတ်အတွက် ကမ်းလှမ်းချက်တွေကို ကျွန်တော်တို့ လုံးဝ မရရှိထားပါဘူး။ သူက အခု ဖီအိုရင်တီးနား ကစားသမားတစ်ဦးပါ။ တကယ်လို့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင်တော့ ဒါကို ကျွန်တော်တို့ စဉ်းစားသွားပါမယ်။” လို့ ဖီအိုရင်တီးနား CEO က တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။