MySport Myanmar

အမ်မရာဘတ် အတွက် ကမ်းလှမ်းမှု လုပ်ဆောင်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရက်စ်မက် ဟွိုင်လန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးတဲ့​နောက် အသင်းရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်သူ ဆိုဖန် အမ်မရာဘတ်အတွက်ကိုလည်း ဖီအိုရင်တီးနားအသင်းဆီ ကမ်းလှမ်းမှု လုပ်ဆောင်ထားတယ်လို့ အီတလီ သတင်းထောက် Alfredo Pedulla က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းက အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို ခေါ်ယူဖို့ ကစားသမားနဲ့ရော ကလပ်အသင်းနဲ့ပါ သဘောတူညီမှု ရရှိသွားပြီးချိန် အသင်းရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ အမ်မရာဘတ်ကို ထပ်မံ ခေါ်ယူဖို့ ချက်ချင်း လှုပ်ရှားလာခဲ့ပါတယ်။

ယူနိုက်တက်က ဒီနွေမှာ ကွင်းလယ်ပိုင်းအတွက် မေဆန်မောင့်ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းကနေ ဖရက်ဒ် တွမ်မီနေး ဗန််ဒယ်ဘိခ်တို့လို ကွင်းလယ် ကစားသမားတွေကို ပြန်လည် ရောင်းချသွားဖို့ ရှိနေတာကြောင့် နောက်ထပ် ကွင်းလယ်လူ တစ်ဦးခန့် ထပ်ခေါ်ရဖွယ် ရှိနေပြီး လက်ရှိမှာလည်း မော်ရိုကို ကစားသမား အမ်မရာဘတ်ကို ပစ်မှတ်ထားနေပါတယ်။

Photo Credit : talkSPORT

အသက် (၂၆)နှစ်အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမား အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကလပ်အသင်းအတွက်ရော လက်ရွေးစင် အသင်းအတွက်ပါ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း မော်ရိုကိုအသင်းနဲ့အတူ တောက်ပနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမ်မရာဘတ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်က ဖီအိုရင်တီးနားအသင်းဆီ ကမ်းလှမ်းမှု ပေးပို့ထားခဲ့ပြီဖြစ်ကြောင်း Alfredo က အတည်ပြုခဲ့ပေမယ့် ဘယ်လောက် ပမာဏနဲ့ ကမ်းလှမ်းထားလဲ ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ဒါပေမယ့် အမ်မရာဘတ် ကိုယ်တိုင်လည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ အထမြောက်ဖွယ် ရှိနေရပါတယ်။

Exit mobile version