ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် အလိုအပ်ဆုံး နေရာတစ်ခုဖြစ်တဲ့ အထောင်တိုက်စစ်နေရာအတွက် ကစားသမားသစ် ဖြည့်တင်းမှု မလုပ်ဆောင်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ လတ်တလောမှာတော့ ဖီအိုရင်တီးနား တိုက်စစ်ကစားသမားဖြစ်သူ ဒူဆန်ဗလာဟိုဗစ်ကိုပါ ခေါ်ယူသွားဖို့ပါ စိတ်ဝင်စားလျက် ရှိနေတာကြောင့် ဖီအိုရင်တီးနားအသင်းအနေနဲ့ သူတို့ကစားသမားကို လက်လွတ်သွားဖို့အတွက် စိုးရိမ်ပူပန်လျက် ရှိနေတယ်လို့ Sky Italia သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှ့ယ်ရှိ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ဟာ ၂၀၁ရခုနှစ်ကတည်းက ဆာဘီးယားကလပ် ပါတီဇန်အသင်းကနေ ဖီအိုရင်တီးနားအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသက်(၁၈)နှစ် ပြည့်မြောက်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာပဲ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံ (၉၂)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၃၅)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား ဗလာဟိုဗစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပြီး အခုလည်း ဒီအသင်းတွေထဲမှာ မန်စီးတီးအသင်းပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Footbaball.London

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကိုသာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းကနေ လက်လွတ်လိုက်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့ နေရာအတွက်ကိုတော့ နောက်ထပ် တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပဲ စတာလင် ဖယ်ရန်တောရက်စ်နဲ့ ကစားသမားသစ် ဂရီးလစ်ရှ်တို့ကိုသာ False 9 ပုံစံနဲ့ အသုံးပြုနေခဲ့ရပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးသစ် မဖြစ်မနေ လိုအပ်နေသေးတဲ့ မန်စီးတီးအသင်းက တိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေသလို အသင်းတိုင်းနီးပါး အလိုရှိနေတဲ့ ဗလာဟိုဗစ်ကိုပါ စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ ဗလာဟိုဗစ်က ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေ ဖြစ်လို့နေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကလည်း လစာပိုတိုးမြှင့် တောင်းဆိုဖို့အတွက် ဖိအားပေးလျက် ရှိနေတာကြောင့် ဗလာဟိုဗစ်ရဲ့ အနာဂတ် အခြေအနေက မတည်မငြိမ် ဖြစ်နေရသလို အသင်းများစွာကလည်း ဗလာဟိုဗစ် အခြေအနေကို စောင့်ကြည့်လျက် ရှိလို့နေပါတယ်။