MySport Myanmar

ရီးယဲလ်မှာ နေရာပျောက်နေရသူ ယိုဗစ်ကို အငှားနဲ့ ခေါ်ယူသွားမယ့် ဖီအိုရင်တီးနား

BILBAO, SPAIN - DECEMBER 22: Luka Jovic of Real Madrid reacts during the LaLiga Santander match between Athletic Club and Real Madrid CF at San Mames Stadium on December 22, 2021 in Bilbao, Spain. (Photo by Juan Manuel Serrano Arce/Getty Images)

အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဆာဘီးယား တိုက်စစ်ကစားသမား လူကာယိုဗစ်ကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ တစ်ရာသီလုံး အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ရီးယဲလ်အသင်းနဲ့ပါ တိုက်ရိုက်ဆက်သွယ်မှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Twitter

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဗလာဟိုဗစ်ကို ဂျုဗင်တပ်စ်အသင်းဆီ စွန့်လွတ်ထားခဲ့ရတဲ့ ဖီအိုရင်တီးနားအသင်းဟာ ဗလာဟိုဗစ်နေရာမှာ နောက်ထပ် ဆာဘီးယား ကစားသမားအဖြစ် ယိုဗစ်နဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားရဲ့ တိုက်စစ်ပိုင်း ကာဘရယ် ပီယွန်တက်ခ် ခိုခိုရင်တို့ ရှိနေပေမယ့် ပီယွန်တက်ခ်က ဟာသာဘာလင်ကနေ အငှားနဲ့ ခေါ်ယူထားတာဖြစ်လို့ လက်ရှိ အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ကစားသမား(၂)ဦးသာ ရှိနေတော့မှာဖြစ်လို့ ယိုဗစ်လို အရည်အသွေးရှိ တိုက်စစ်ကစားသမားမျိုးကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Football Espana

အသက်(၂၄)နှစ်အရွယ်ရှိ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမား လူကာယိုဗစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဖရန့်ဖတ်အသင်းကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၆၃)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ကစားသမားကောင်းတွေ များစွာပိုင်ဆိုင်ထားတဲ့ ရီးယဲလ်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ မလွယ်ကူခဲ့ပဲ ၂၀၂၁မှာ အသင်းဟောင်း ဖရန့်ဖတ်ဆီ ကာလတိုအငှားနဲ့ ပြန်သွားခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း လာလီဂါ(၁၅)ပွဲ အပါအဝင် ပြိုင်ပွဲစုံမှာ (၁၉)ပွဲသာ ပါဝင်ခဲ့ရပြီး (၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ်မှာ ကစားခဲ့စဉ်တုန်းက အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့တဲ့ ယိုဗစ်ဟာ ဖရန့်ဖတ်ကို ယူရိုပါလိဂ်မှာပါ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပြီး သွင်းဂိုး(၁၀)ဂိုးအထိပါ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ချယ်လ်ဆီးအပါအဝင် ဥရောပကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတဲ့ ယိုဗစ်ကို ရီးယဲလ်အသင်းကနေ အလျင်အမြန် ခေါ်ယူနိုင်ခဲ့ပေမယ့် ယိုဗစ်က ရီးယဲလ်မှာ ရုန်းကန်နေရခဲ့ပြီး လက်ရှိအချိန်မှာပါ သူရဲ့ အနာဂတ်အခြေအနေက လှုပ်ခတ်လာခဲ့ရပါတယ်။ ဒါကြောင့် ဖီအိုရင်တီးနားအသင်းက ယိုဗစ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ စတင်ကြိုးပမ်းလာခဲ့ဖြစ်ပြီး လက်ရှိမှာ ကစားသမားရဲ့ လစာပေးချေမှု အပိုင်းနဲ့ပတ်သက်ပြီး အသင်းနှစ်သင်းကြား ညှိနှိုင်းနေသလို ယိုဗစ်လည်း စီးရီးအေကို ရောက်ရှိလာနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version