ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူးဝစ်ဖီဂိုက သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်သူ ခရစ္စတီယာနိုရော်နယ််လ်ဒိုရဲ့ နွေရာသီ အသင်းအပြောင်းအရွှေ့ လုပ်ဆောင်ခဲ့ခြင်းအပေါ် ထောက်ခံပြောဆိုလိုက်ပြီး သူနဲ့ သတင်းတွေ စတင်ထွက်ပေါ်ခဲ့တဲ့ မန်စီးတီးအသင်းထက် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဟာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Photo Credit : Marca

လက်ရှိမှာ ဘောလုံးလောကထဲကနေ အနားယူထားခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်းကြီး ဖီဂိုက ရော်နယ်လ်ဒိုအနေနဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲချိန်မှာ သူ့အသင်းဟောင်း ယူနိုက်တက်ရဲ့ မြို့ခံအသင်း မန်စီးတီးအသင်းဆီ ရောက်ရှိဖို့် နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်လိုက်တာက အရမ်းမှန်ကန်မှုရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ တကယ်လို့ သူ့လိုသာ အသင်းဟောင်းရဲ့ ခါးသီးပြိုင်ဘက်ဆီကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အသင်းပရိသတ်တွေရဲ့ကြား ပိုမိုအမုန်းပွားမှုတွေ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဖီဂိုဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာအသင်းကနေ ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ဖူးသူဖြစ်လို့ ဘာစီလိုနာပရိသတ်တွေရဲ့ အမုန်းဆုံးသော ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit : Fox Sports

ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဖီဂိုက “မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ခြင်းက ခရစ္စတီယာနိုအတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက သူ့အတွက် မစိမ်းလှတဲ့ နေရာတစ်ခု ဖြစ်နေလို့ပါပဲ။ သူက ဒီကလပ်အသင်းမှာ သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့တယ်။ ပရိသတ်တွေအားလုံးကလည်း သူ့ကို ချစ်ကြတယ်။ ဒါကြောင့် ဒီနေရာက သူရဲ့ကစားသမား နောက်ဆုံးအချိန်မှာ ခိုနားလို့ အကောင်းဆုံးနေရာတစ်ခုလို့ ကျွန်တော်ယူဆမိတာပါ။ တကယ်လို့သာ သူအနေနဲ့ အသင်းဟောင်းရဲ့ ပြိုင်ဘက်အသင်းတစ်ခုစီကို ရောက်ရှိသွားခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ အမုန်းတရားတွေ ကြီးမားလာနိုင်တာကြောင့် ပြသာနာတွေလည်း ပိုများနိုင်ပါလိမ့်မယ်။ ဒါကြောင့် အသင်းဟောင်းကိုပဲ တကျော့ပြန် ရောက်ရှိလာခြင်းက ပြသာနာတွေလည်း မရှိသလောက် နည်းပါးမယ်။ အသင်းမှာလည်း သမိုင်းသစ်တွေကို ရေးထိုးနိုင်မယ်။ ဒါတွေကြောင့် ယူနိုက်တက်က သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ရတာပါပဲ” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။