ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ပထမဦးဆုံး စက်ရုပ်စည်းကြပ်ဒိုင်တွေကို အသုံးပြုဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ကမ္ဘာကြီးမှာ နည်းပညာတွေ တဖြည်းဖြည်း တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ ချစ်တဲ့ ဘောလုံး အားကစားမှာလည်း နည်းပညာတွေ ထည့်သွင်းကာ ပွဲရဲ့ဘုရင်လို့ တင်စားခံထားရတဲ့ ကွင်းလယ်ဒိုင်တွေကို အထောက်အပံ့ပေးပြီး ပွဲအတွင်းမှာ ဆုံးဖြတ်ချက် အမှားတွေ မဖြစ်ပေါ်အောင် ၊ မတရားမှုတွေ မဖြစ်ပေါ်အောင် ကြိုးစား လုပ်ဆောင်နေပါတယ်။

Photo Credit: AFP

လက်ရှိအချိန်မှာတော့ ဖီဖာက ဘောလုံးဟာ ဂိုးစည်းထဲ ဝင် ၊ မဝင် ဆုံးဖြတ်ဖို့ အတွက် တင်းနစ်ပွဲတွေမှာ အသုံးပြုလေ့ရှိတဲ့ Eagle Eye Systemကို ဘောလုံးအားကစားနည်းထဲ ထည့်သွင်းကာ အသုံးပြုထားသလို ပွဲတပွဲ အတွင်းမှာ အရေးကြီးတဲ့ အဖြစ်အပျက်တွေ ၊ ကွင်းလယ်ဒိုင်ဘက်က မမြင်တွေ့နိုင်တဲ့ အဖြစ်အပျက်တွေကို ပြန်လည် သုံးသပ်ဖို့ အတွက် VARစနစ်ကို နိုင်ငံပေါင်းစုံမှာ စတင် အကောင်အထည်ဖော် အသုံးပြုနေပါပြီ။

 

ဒီတကြိမ်မှာလည်း ဖီဖာက အသစ်အဆန်း တခု အနေနဲ့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူကျွံဘော ဖြစ် ၊ မဖြစ်ကို အလျင်အမြန် ဆုံးဖြတ်ပေးနိုင်မယ့် နည်းပညာကို အသုံးပြုဖို့ စီစဉ်နေပြီး ဖီဖာဘက်က အသုံးပြုမယ့် နည်းပညာအသစ်ဟာ စက်ရုပ်စည်းကြပ်ဒိုင်တွေ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AFP သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: AFP

AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖီဖာက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူကျွံဘော ဖြစ် ၊ မဖြစ်ကို VARစနစ် သုံးစွဲကာ အချိန်ယူ စစ်ဆေးဖို့ထက် စက်ရုပ်စည်းကြပ်ဒိုင်တွေကို ပွဲအတွင်း ထည့်သွင်းကာ လူကျွံဘော ဖြစ် ၊ မဖြစ် အလွယ်တကူ သိနိုင်အောင် ပြုလုပ်ဖို့ စီစဉ်ထားပြီး စက်ရုပ်စည်းကြပ်ဒိုင်တွေက လူသား စည်းကြပ်ဒိုင်တွေရဲ့ နေရာကို အစားဝင်ဖို့ မဟုတ်ပဲ လူကျွံဘော ဖြစ် ၊ မဖြစ်ကိုသာ အဓိကထား ဆုံးဖြတ်ပေးမယ့် စက်ရုပ်တွေလို့လည်း သိရပါတယ်။

 

ဖီဖာက စက်ရုပ်စည်းကြပ်ဒိုင်တွေ အပြင် အနာဂတ် ကာလမှာ လက်ပစ်ဘောစည်းမျဉ်းကိုပါ ပြောင်းလဲဖို့ စီစဉ်ထားပြီး လက်ပစ်ဘောကို လက်နဲ့ ပစ်တာထက် ဖူလ်ဆယ် အားကစားနည်းမှာလို ခြေထောက်နဲ့ လူပေးရမယ့် အသေးစား ထောင့်ကန်ဘော ပုံစံမျိုး ပြောင်းလဲဖို့ ရှိနေကြောင်း ထပ်မံ သိရှိထားရပါတယ်။