ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ ဖီဖာ(FIFA)ရဲ့ ကျန်းမာရေးဌာနဆိုင်ရာ အကြီးအကဲတစ်ဦး ဖြစ်တဲ့ Michael D’Hooghe ကတော့ လက်ရှိ မှာ ဘောလုံးပြိုင်ပွဲတွေကို ပြန်လည် ကျင်းပဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံတွေနဲ့ ပတ်သတ်ပြီး လူတွေရဲ့ အသက်ဟာ ပိုက်ဆံတွေထက် ပိုပြီး တန်ဖိုး ရှိတယ်လို့ သတိပေးစကား ဆိုသွားခဲ့ကာ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးပြိုင်ပွဲတွေ အားလုံးဟာ ဖျက်သိမ်းလိုက်သင့်ပြီလို့ အကြံပေး စကား ပြောသွားခဲ့ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း(WHO)ကိုယ်တိုင်က ကမ္ဘာ့ကပ်ရောဂါတစ်ခု ဖြစ်တယ်လို့ ကြေညာထားတဲ့ Covid-19 ခေါ် ကိုရိုနာဗိုင်းရပ် ပြန့်ပွား နေတာကြောင့် ဥရောပရဲ့ နာမည်ကြီးလိဂ်တွေ အားလုံးဟာ ရပ်နားထားခဲ့ရပြီး လက်ရှိရာသီကိုသာ အပြီးမသတ်နိုင်ခဲ့ပါက ရုပ်သံလွှင့်ဌာနတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ လျော်ကြေးတွေ ပြန်ပေးရဖို့ ရှိနေတာကြောင့် လက်ကျန်ပွဲတွေကို လျင်လျင်မြန်မြန် အဆုံးသတ် ကစားဖို့ ကြိုးစားနေတာပါ။

Photo Credit: Metro.com

လက်ရှိမှာတော့ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲနဲ့ အီတလီစီးရီးအေ ပြိုင်ပွဲတို့ဟာ မကြာမီမှာပဲ ကွင်းပိတ်ကစားတဲ့ စနစ်နဲ့ ပြိုင်ပွဲကို အပြီးသတ် ဖို့ ကြိုးစားနေသလို နယ်သာလန်လိဂ်နဲ့ ပြင်သစ် လီဂူးပြိုင်ပွဲတွေကတော့ တရားဝင် ဖျက်သိမ်း လိုက်ကြပါပြီ။ ကမ္ဘာပေါ်မှာ ပရိသတ်အင်အား အများဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ လာလီဂါ ပြိုင်ပွဲတို့ကတော့ တခြားနိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေကို လေ့လာနေဆဲသာ ရှိသေးပြီး ဖျက်သိမ်းမလား ၊ ဆက်ကစားမလားဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ Mr.D’Hooghe ကတော့ လက်ရှိမှာ ဘောလုံးဟာ အရေးအကြီးဆုံး အရာတစ်ခု မဟုတ်ကြောင်းနဲ့ စီးပွားရေးနဲ့ ကျန်းမာရေးမှာလည်း ကျန်းမာရေးကသာ အသာရသင့်ပါတယ်ဆိုပြီး သူ့ရဲ့ ယူဆချက်ကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro.com

ယခုနှစ်ရာသီရဲ့ ဘောလုံးပြိုင်ပွဲတွေကို အပြီးသတ် ဖျက်သိမ်းသင့်တဲ့ အကြောင်းအရင်းကို Mr.D’Hoogheက ” ကျွန်တော်တို့အားလုံးဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စဉ်းစားသွားရမှာပါ။ ဒါက အရမ်းကို ရိုးရှင်းပါတယ်။ ဘောလုံးဟာ ဘဝမှာ အရေးအကြီးဆုံးအရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့မယ်ဆိုရင် ပျော်ရွှင် မိမှာ အမှန်ပါပဲ။ တကယ်လို့ သူတို့က နောက် ဘောလုံးရာသီကို ဩဂုတ်လ ဒါမှမဟုတ် စက်တင်ဘာလ လောက်မှာ ပြန်လည် ကျင်းပသွားမယ်ဆိုရင် ဒါက အရမ်းကိုကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမှာပါ။ ဒါဆိုရင် သူတို့က ကိုရိုနာဗိုင်းရပ်ရဲ့ ဒုတိယမြောက်လှိုင်းလုံး ကို ရှောင်နိုင်ပါလိမ့်မယ်။ ကိုရိုနာဗိုင်းရပ်က ထပ်ပြီး မဖြစ်လာဘူးလို့ ခင်ဗျားက ယတိပြတ် ပြောလို့ မရဘူးလေ။ အခုချိန်က လူတိုင်း အရမ်းကို သတိထားသင့်တဲ့ အချိန်ပါ။ ဒီတော့ လက်ရှိ ရာသီကို ဖျက်သိမ်းတာက အကောင်းဆုံးပါပဲ။ ကျွန်တော့်ရဲ့ ဘဝမှာ ကျန်းမာရေးနဲ့ စီးပွားရေး ယှဉ်လိုက်ရင် ကျန်းမာရေးက အမြဲတမ်း အသာရတာကိုပဲ မြင်ခဲ့ရပါတယ်။ ဒီတော့ ဒီတစ်ခါမှာလည်း ကျန်းမာရေးကပဲ နိုင်လိမ့်မယ်လို့ ယုံထားပါတယ် ” လို့ ဖွင့်ဟ ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။