ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဌဖြစ်သူ အင်ဖန်တီနိုက အာဂျင်တီးနား အသင်းခေါင်းဆောင် GOAT ကြီး လီယွန်နယ် မက်ဆီကို လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင် ဆင်နွဲစေချင်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ လွန်ခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး ၂၀၁၀ ၂၀၁၄ ၂၀၁၈ ၂၀၂၂ အစရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း (၅)ကြိမ်အထိ အာဂျင်တီးနားအသင်းအတွက် ပါဝင်ဆင်နွဲပေးရင်း ၂၀၂၂မှာပဲ ကမ္ဘာ့ဖလား ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

အခုလည်း မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ပါဝင်သွားဖို့ ရှိနေသလို အမေရိကန် ကနေဒါ နဲ့ မက္ကဆီကိုတို့ (၃)နိုင်ငံ ပူးတွဲကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုပါ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့လည်း ဆန္ဒရှိလို့နေပါတယ်။

မက်ဆီဟာ (၃၆)နှစ်အရွယ် ရောက်နေပြီ ဖြစ်ပေမယ့်လည်း အာဂျင်တီးနားနဲ့ရော အင်တာ မိုင်ယာမီနဲ့ပါ ဆုဖလားတွေ ရယူပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကိုပါ ပြသနေသေးတာကြောင့် သူ့ကို ဖီဖာဥက္ကဌက ၂၀၃၄ ကမ္ဘာ့ဖလားအထိ ဆက်လက် မြင်တွေ့သွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : FOX SPORTS

“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက အသင်းပေါင်း (၄၈)သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပသွားမယ့် ပြိုင်ပွဲကြီး ဖြစ်သလို အမေရိကမှာ ကျင်းပမှာလည်းဖြစ်လို့ ဘောလုံးပါတီပွဲကြီးလို ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပြိုင်ပွဲကြီးမှာရော နောက်ထပ် ၂၀၃၄ ပြိုင်ပွဲမှာ မက်ဆီကို ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူသာ ကစားနိုင်သေးမယ်ဆိုရင် ပါဝင်ဆင်နွဲစေချင်ပါတယ်။” လို့ အင်ဖန်တီနိုက ပြောဆိုခဲ့ပါတယ်။

မက်ဆီအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ Last Dance အဖြစ် ဝင်ရောက် ဆင်နွဲသွားဖို့က ဖြစ်နိုင်သေးတယ်လို့ ယူဆနိုင်ပေမယ့် ၂၀၃၄မှာတော့ မက်ဆီရဲ့ အသက်အရွယ်က (၄၇)နှစ်အထိတောင် ဖြစ်သွားနိုင်တာမို့ ပါဝင်ဖို့ မလွယ်ကူနိုင်ပဲ ၂၀၃၀ ကမ္ဘာ့ဖလားတောင် ပါဝင်ဖို့ ခဲယဉ်းနိုင်ပါတယ်။