မတ်လ (၂၆)ရက်နေ့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် ဒုတိယဆင့် ခြေစစ်ပွဲစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်သလို ဂျပန်အသင်းကိုပဲ (0-3) နဲ့ အနိုင်ပေးလိုက်ပါတယ်။

မြောက်ကိုရီးယားအသင်းဟာ သူတို့အနေနဲ့ ဂျပန်နဲ့ပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုခြင်း မရှိကြောင်း FIFA ထံ အကြောင်းကြားခဲ့ပေမယ့်လည်း ရက်ပိုင်းအတွင်းမှာ ကွင်းအပြောင်းအလဲ ပြုလုပ်ပေးဖို့ မဖြစ်နိုင်တာကြောင့်ရော တစ်နှစ်တာရဲ့ ဘောလုံးပြက္ခဒိန်အရ ရွှေ့ဆိုင်းဖို့လည်း မဖြစ်နိုင်တဲ့အတွက် ဖျက်သိမ်းဖို့ကိုသာ စီစဉ်လိုက်ရပါတယ်။

Photo Credit : News 18

ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မတ်လ (၂၁)ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ဂျပန်က နိုင်ပွဲရရှိခဲ့ပေမယ့်လည်း မြောက်ကိုရီးယားမှာ ပြန်လည် ကျင်းပရမယ့် ပွဲစဉ်ကိုတော့ မြောက်ကိုရီးယားဘက်က ကျင်းပလိုခြင်း မရှိကြောင်း ငြင်းဆန်ရခြင်းဟာ ဂျပန်နိုင်ငံထဲ အလွန်ဆိုးရွားတဲ့ ကူးစက်ရောဂါပိုးတစ်မျိုး ပျံ့နှံနေခြင်းကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီပွဲကို ဘယ်လိုမှ ရက်ရွှေ့ဆိုင်းပေးဖို့နဲ့ ကွင်းအပြောင်းအလဲ လုပ်ဆောင်ပေးဖို့ မဖြစ်နိုင်တော့တာကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရတဲ့အပြင် ဂျပန်အသင်းကိုပါ (0-3)နဲ့ အနိုင်ပေးလိုက်ပါတယ်။

Photo Credit : Geo

ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် ဒုတိယဆင့် ခြေစစ်ပွဲမှာ မြန်မာ ဆီးရီးယားတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပြီး လက်ရှိ အခြေအနေအရ ဂျပန်က အုပ်စု(၄)ပွဲလုံး ရာနှုန်းပြည့် နိုင်ပွဲရထားလို့ ခြေစစ်ပွဲ နောက်တစ်ဆင့်ကိုပါ တက်လှမ်းသွားရပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆီရီးယားနဲ့ မြန်မာအသင်းတို့က အုပ်စုပွဲ (၃)ပွဲအထိ ကစားရဦးမှာ ဖြစ်တဲ့အတွက် ခြေစစ်ပွဲ နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ရှိနေလို့နေပြီး မြောက်ကိုရီးယားကတော့ ဂျပန်နဲ့ပွဲ ဖျက်သိမ်းခဲ့ရလို့ ရှုံးပွဲအဖြစ်ပါ သတ်မှတ်ခံလိုက်ရတဲ့အတွက် လက်ကျန် (၂)ပွဲကို အမှားမခံစတမ်း ကစားသွားရပါတော့မယ်။