MySport Myanmar

World Cup ကို အသင်း(၆၄)သင်းအထိ တိုးချဲ့ကျင်းပဖို့ FIFA စတင် ဆွေးနွေး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို မကြုံစဖူး အသင်း (၆၄)သင်းအထိ တိုးချဲ့ကျင်းပရေး အဆိုပြုချက်တစ်ခုအပေါ် တောင်အမေရိက ဘောလုံးခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ဥက္ကဌ အလီဟန်ဒရို ဒိုမင်ဂွက်ဇ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့မှာ ဖီဖာဥက္ကဌ ဂျီယန်နီ အင်ဖန်တီနိုနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ၁၉၃၀ ခုနှစ်က ဥရုဂွေးနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ဖို့ ဖြစ်ပါတယ်။

Photo Credit : FIFA 2026 Tickets

ဒိုမင်ဂွက်ဇ်က ဒါဟာ ကမ္ဘာကြီးက မျှော်လင့်စောင့်စားနေတဲ့ အရာတစ်ခုကို ပြုလုပ်ဖို့ တစ်ကြိမ်တည်းသော အခွင့်အရေးဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၈၂ ခုနှစ်မှာ (၁၆)သင်း ၁၉၉၈ ခုနှစ်မှာ (၂၄)သင်းနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အသင်း (၄၈)သင်းအထိ တဖြည်းဖြည်း တိုးချဲ့လာခဲ့ပါတယ်။ အခု အသင်း (၆၄)သင်းအထိ တိုးချဲ့မယ်ဆိုရင် ဖီဖာအဖွဲ့ဝင် (၂၁၁)နိုင်ငံရဲ့ သုံးပုံတစ်ပုံနီးပါး ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဌ အလက်ဇန်းဒါး ဆီဖာရင်နဲ့ မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONCACAF) ဥက္ကဌ ဗစ်တာ မွန်တာလီယာနီတို့က ကန့်ကွက်ထားပါတယ်။ သူတို့က ပြိုင်ပွဲရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပြီး ခြေစစ်ပွဲတွေရဲ့ တန်ဖိုးကို လျော့ကျသွားစေနိုင်တယ်လို့ ထောက်ပြထားကြပါတယ်။

Photo Credit : Zupyak

၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ တိုက်က နိုင်ငံ ၆ နိုင်ငံ (စပိန်၊ ပေါ်တူဂီ၊ မော်ရိုကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး) ပူးတွဲကျင်းပမှာဖြစ်ပြီး တောင်အမေရိက နိုင်ငံတွေမှာ အဖွင့်ပွဲစဉ် (၃)ပွဲသာ ကျင်းပခွင့်ရမှာ ဖြစ်ပါတယ်။ တောင်အမေရိကခေါင်းဆောင်တွေက သူတို့ရဲ့ပါဝင်မှု နည်းပါးနေတာကြောင့် ဖီဖာရဲ့ အိမ်ရှင်အလှည့်ကျစနစ်အရ အနာဂတ်ကမ္ဘာ့ဖလားတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ အလှမ်းဝေးသွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ အိမ်ရှင်နိုင်ငံ (၃)နိုင်ငံစလုံးမှာ အုပ်စုပွဲစဉ်တွေကို အပြည့်အဝ လက်ခံကျင်းပခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဖီဖာဥက္ကဌ အင်ဖန်တီနိုက ဒီဆွေးနွေးမှုကို ကြိုဆိုခဲ့ပြီး “သမိုင်းသစ်ရေးထိုးဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့” တိုက်တွန်းခဲ့ပေမယ့် ဖီဖာဘက်ကတော့ အဆိုပြုချက်အားလုံးကို လေ့လာဖို့ တာဝန်ရှိကြောင်း၊ ဒါပေမဲ့ ပြိုင်ပွဲတိုးချဲ့ရေးအတွက် ဘာကတိကဝတ်မှ မပြုလုပ်ရသေးကြောင်း ရှင်းလင်းပြောကြားထားပါတယ်။

Exit mobile version