ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ ဖီဖာဟာ လတ်တလောမှာ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်အတွက် အပြစ်ပေးမှု အဖြစ် ရုရှားအလံနဲ့ ရုရှားနိုင်ငံတော်သီချင်းကို ဘောလုံးကွင်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ စစ်အင်အား အကြီးမားဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ ရုရှားဟာ သူတို့ရဲ့ အိမ်နီးချင်း နိုင်ငံတခု ဖြစ်တဲ့ ယူကရိန်းကို အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ ကျူးကျော်စစ် ဆင်နွှဲနေတာဖြစ်ပြီး အဆိုပါ ကျူးကျော်စစ်ကြောင့်ပဲ သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေ စစ်ဘေးရှောင် ဖြစ်ခဲ့သလို ရာနဲ့ချီတဲ့ ယူကရိန်းနိုင်ငံသားတွေလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ ရှိတဲ့ အင်အားကြီး အဖွဲ့အစည်းတွေက ရုရှားရဲ့ ကျူးကျော်စစ် အတွက် ဒဏ်ခတ်မှုတွေ စတင် ပြုလုပ်နေကြပြီး ဘောလုံးလောကမှာလည်း ရုရှားရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်တဲ့ လူတွေ တစထက်တစ ပိုမို များပြားလာကြပါတယ်။

ဒါ့အပြင် ဖီဖာအနေနဲ့ ရုရှားအသင်းကို ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲကနေ ထုတ်ပယ်သင့်ကြောင်း တိုက်တွန်းမှုတွေလည်း ရှိနေပြီး ဖီဖာကတော့ ရုရှားကို ကမ္ဘာ့ဖလားခြေစစ်ပွဲ ကနေ မထုတ်ပယ်သေးပဲ ဆက်လက် ယှဉ်ပြိုင်ခွင့် ပေးဖို့ ဆုံးဖြတ်ထားပေမယ့် ရုရှားအလံနဲ့ ရုရှားနိုင်ငံတော်သီချင်းတွေကို အသုံးပြုခွင့် မပေးဘူးလို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Metro

ဖီဖာက သူတို့ဟာ ရုရှားနိုင်ငံရဲ့ ယူကရိန်းနိုင်ငံအပေါ် အင်အားသုံး ကျူးကျော်မှုကို လုံးဝ လက်မခံကြောင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကစားရမယ့် ရုရှားအသင်းအနေနဲ့ ရုရှားနိုင်ငံကို ကိုယ်စားပြုခွင့် ရမှာ မဟုတ်ပဲ ရုရှားဘောလုံးအဖွဲ့ချုပ် ဆိုတဲ့ အမည်နဲ့သာ ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမယ့်အပြင် ရုရှားအလံနဲ့ ရုရှားနိုင်ငံတော်သီချင်းတို့ကို အသုံးပြုခွင့် မပေးကြောင်း ထုတ်ပြန် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရုရှားနဲ့ ထိပ်တိုက် တွေ့ဆုံနေသလို လက်ရှိမှာ ယူကရိန်းနိုင်ငံကို အကူအညီ အထောက်အပံ့ အများကြီး ပေးနေတဲ့ ပိုလန်နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ကူလက်ဗ်ဆာ ကတော့ ဖီဖာရဲ့ ရုရှားကို ပြိုင်ပွဲကနေ မထုတ်ပယ်သေးတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး သဘောတူ လက်ခံခြင်း မရှိကြောင်းနဲ့ ရုရှားကို ဘောလုံးနယ်ပယ်မှာ နေရာမပေးသင့်ကြောင်း ပြောကြားထားပါတယ်။