ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဆော်ဒီ စူပါလိဂ်ရဲ့ အင်အားကြီးကလပ် အယ် နက်ဆာကို အပြောင်းအရွှေ့ စာချုပ်ပါ အချက်အလက်အတိုင်း ငွေပေးချေဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် ယာယီ ကစားသမား ခေါ်ယူခွင့် ပိတ်လိုက်ကြောင်း သိရပါတယ်။

ဆော်ဒီ စူပါလိဂ်ရဲ့ အင်အားကြီးကလပ် အယ် နက်ဆာက ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပြီး အယ် နက်ဆာဟာ ယခု နွေဈေးကွက် အတွင်းမှာလည်း အင်တာမီလန် အသင်းခေါင်းဆောင် ဘရိုဇိုဗစ်ကို ခေါ်ယူထားနိုင်ပါသေးတယ်။

Photo Credit: Mirror

အယ် နက်ဆာက ရိုနယ်ဒို ၊ အော့စ်ပီနာ ၊ တာလစ္စကာ ၊ ဘရိုဇိုဗစ် စတဲ့ ကြယ်ပွင့် ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ဘဏ္ဍာရေးလည်း တောင့်တင်းတဲ့ အသင်း ဖြစ်ပေမယ့် ၂၀၁၈ခုနှစ်မှာ နိုင်ဂျီးရီးယား တောင်ပံကစားသမား အာမတ် မူဆာကို လက်စတာ စီးတီးကနေ ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့မှာ လက်စတာ စီးတီးကို စာချုပ်ပါ အချက်အလက်အတိုင်း ငွေကြေးပေးချေဖို့ ပျက်ကွက်ခဲ့ပါတယ်။

အယ် နက်ဆာက ၂၀၁၈ခုနှစ်မှာ အာမတ် မူဆာကို လက်စတာ စီးတီးကနေ ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေး စုစုပေါင်း ယူရို ၁၆.၅သန်း ပေးချေပါ့မယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ခေါ်ယူခဲ့ပေမယ့် ကနဦး ပြောင်းရွှေ့ကြေးကိုသာ အပြည့်အဝ ပေးချေခဲ့ပါတယ်။

Photo Credit: Standard

အာမတ် မူဆာက အယ် နက်ဆာအတွက် ၂နှစ်ကြာအောင် ကစားပေးခဲ့ချိန်မှာ ပြိုင်ပွဲစုံ ၆၀ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၁၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး မူဆာရဲ့ စွမ်းဆောင်ရည်တွေကြောင့် လက်စတာ စီးတီးက အယ် နက်ဆာဆီ ကနေ အပိုဆုကြေးတွေ ရရှိမှာ ဖြစ်ပေမယ့် အယ် နက်ဆာကတော့ လက်စတာ စီးတီးကို အပိုဆုကြေး ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လက်စတာ စီးတီးက သူတို့ကို သဘောတူညီချက်အတိုင်း ငွေကြေးပေးဖို့ ပျက်ကွက်ခဲ့တဲ့ အယ် နက်ဆာကို ဖီဖာထံ တိုင်ကြားခဲ့ပြီး ဖီဖာကလည်း စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် အယ် နက်ဆာမှာ အပြစ်ရှိကြောင်း သိရှိခဲ့ရတာကြောင့် အယ် နက်ဆာရဲ့ ကစားသမား ခေါ်ယူခွင့်ကို ယာယီ ပိတ်လိုက်ကာ အယ် နက်ဆာဟာ သူတို့ ပေးရမယ့် အပိုဆုကြေးတွေကို လက်စတာ စီးတီးထံ အကုန်အစင် ပေးချေပြီးမှသာ ကစားသမားသစ် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။