ဘောလုံးအဖွဲ့ချုပ် ဖီဖာ က ၂၀၂၀ ခုနှစ် ဆု‌ပေးပွဲ မှာ ဘော်လွန်းဒီအော် ဆု ကို ပေးအပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း အခြား အရေးပါတဲ့ ဆုတွေ ကိုတော့ ပေးအပ်သွားမယ့် အပြင် ဆုပေးပွဲကိုလည်း အွန်လိုင်းကနေ တဆင့်ပဲ ကျင်းပသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဖီဖာ အနေနဲ့ အဆိုပါ အွန်လိုင်း ဆုပေးပွဲ ( virtual event ) ကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ လည်း အတည်ပြု ပြောဆိုထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါ တစ်ခု ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာပြီးတဲ့နောက် ဘောလုံးလောက ကိုပါ ထိခိုက်ခဲ့ပါတယ်။ ထိုအထဲမှာ အဆိုးဝါးဆုံးကတော့ ပြင်သစ်လီဂူးဝမ်း ဖြစ်ကာ ၂၀၁၉-၂၀၂၀ ရာသီကို အဆုံးထိ မကစားနိုင်တော့ပဲ ဖျက်သိမ်းပြီး ဖလားကို စောစောစီးစီး ပေးအပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်မလို့လည်း ပြင်သစ်သတင်းဌာနက နှစ်စဉ် ပေးအပ်နေကြ ဖြစ်တဲ့ ဘော်လွန်းဒီ‌အော်ဆု ကိုလည်း မပေးအပ်တော့တာ ဖြစ်ပါတယ်။

Photo Credit: FIFA

ဖီဖာရဲ့ အဆိုပါ ဆုံးဖြတ်ချက်ဟာ ဘိုင်ယန်မြူးနစ် တိုက်စစ် ကစားသမား ရောဘတ် လီဝမ်ဒေါ့စကီး အတွက်တော့ အကြပ်ရိုက် သွားစေမှာ အသေအချာပါပဲ။ အကြောင်းအရင်းကတော့ လီဝမ်ဒေါ့စကီး အနေနဲ့ ဒီရာသီ ဘော်လွန်းဒီအော် ဆုကို ရယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ကစားသမား တစ်ဦး ဖြစ်နေခဲ့လို့ပါပဲ။ ယခုလက်ရှိအချိန်ထိ ဘော်လွန်းဒီအော် ဆု အများဆုံး ရရှိထားတဲ့ ကစားသမားကတော့ ဘာစီလိုနာ ကစားသမား လီယွန်နယ် မက်ဆီ ဖြစ်ပြီး ဘော်လွန်းဒီအော် ဆု ၆ ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။ လီဝမ်ဒေါ့စကီး အနေနဲ့ ဘော်လွန်းဒီအော်ဆု ကို မရရှိ နိုင်တော့ပေမယ့်လည်း တခြားဆုတွေ အတွက်တော့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ဖီဖာ အနေနဲ့ အကောင်းဆုံး အမျိုးသား ကစားသမား ဆု၊ အမျိုးသမီး ကစားသမားဆုနဲ့ နည်းပြ ဆုတွေ ကို တော့ ပေးအပ် ချီးမြှင့်သွားဖို့ အစီအစဉ် ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံး အမျိုးသား ကစားသမားဆုကိုတော့ မက်ဆီ က ရရှိခဲ့ပါတယ်။

Photo Credit: FIFA

ဖီဖာ ဘက်ကနေ ထုတ်ပြန်ထားတဲ့ စာမှာတော့ အခုလိုပဲ ဖော်ပြထားပါတယ်။ “ ဒီနှစ်မှာတော့ ကျန်းမာရေးထက် ဘယ်အရာကမှ ပိုအရေးမကြီးဘူးဆိုတာ ရှင်းလင်းပါတယ်။ ပြိုင်ပွဲတွေကို ဘေးကင်း လုံလုံခြုံခြုံ နဲ့ ပြန်လည် စတင်နိုင်အောင် ကြိုးစားပေးခဲ့ကြတဲ့ အဖွဲ့အစည်း တွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဘောလုံးဆိုတာ လူအများစု အတွက် နှစ်သိမ့်ပေးမှုနဲ့ ပျော်ရွှင်မှု ရစေတဲ့ အရင်းအမြစ် တစ်ခုပါပဲ။ ဒါကြောင့်မို့ ဖီဖာ အနေနဲ့ ထူးခြားတဲ့ နှစ်တစ်နှစ်မှာ အောင်မြင်မှုတွေ ရအောင် ကြိုးစားခဲ့တဲ့သူတွေကို ဂုဏ်ပြုပေးဖို့ လိုပါတယ်။ ဖီဖာအနေနဲ့ ကျန်းမာရေးကို အဓိက ဦးစားပေး စဉ်းစားပြီးတော့ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ဆုပေးပွဲ အခမ်းအနား ကို အွန်လိုင်းပေါ်ကနေ တဆင့်ပဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်ရပါတယ် ” ဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဘောလုံး ပရိသတ်တွေ အနေနဲ့ အွန်လိုင်းမှ တဆင့် နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၉ ရက်နေ့အထိ မဲပေးနိုင်မာပါ။ ထို့နောက် နောက် ၈ ရက်အကြာ ဒီဇင်ဘာ ၁၇ ရက်မှာတော့ ဆုပေးပွဲ အခမ်းအနား ကျင်းပ သွားမှာ ဖြစ်ပါတယ်။