နယ်သာလန် နာမည်ကြီးကလပ်တွေထဲက တသင်း ဖြစ်တဲ့ ဖီယင်နုအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား အာမတ် ဒီရယ်လိုကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ အခြေခံအားဖြင့် သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

အသက် ၁၉နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံ ကစားသမား ဒီရယ်လိုဟာ ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦး ဖြစ်သလို ပင်ကိုယ်ခြေစွမ်းလည်း ကောင်းမွန်သူ တဦး ဖြစ်ပေမယ့် ရက်ဖို့ဒ် ၊ ဆန်ချို ၊ ရိုနယ်ဒို ၊ ဂရင်းဝုဒ် ၊ မာတာ ၊ လင်ဂတ် ၊ ဒန်နီရယ်ဂျိမ်းစ်တို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရနိုင်တာကြောင့် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့သူပါ။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ပြောင်းရွှေ့ကြေး ယူရို၂၁သန်း အထိ ပေးချေကာ ခေါ်ယူထားတဲ့ ဒီရယ်လိုရဲ့ ခြေစွမ်းတွေ ပိုမို တိုးတက်လာအောင် အငှားချဖို့ သဘောတူခဲ့ပြီး ဒီရယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ အများအပြား ရှိပေမယ့် ဒီရယ်လိုကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းထံသာ အငှားချဖို့ စီစဉ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီရယ်လိုကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ ဖီယင်နုအသင်းနဲ့အပြိုင် ဘွန်ဒက်လီဂါကလပ် အများစု ၊ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ နောဝှစ်ချ် ၊ ပဲလေ့စ်တို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့် အဆိုပါအသင်းတွေဟာ ဖီယင်နုအသင်းလိုမျိုး ဒီရယ်လိုအား ပုံမှန် ပွဲထွက်ခွင့် ပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်မျိုး မပေးနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရယ်လိုကို ဖီယင်နုအသင်းထံ အငှားချဖို့ သဘောတူခဲ့တာပါ။

Photo Credit: 90 Min

နာမည်ကျော် သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဖီယင်နုအသင်းဟာ ဒီရယ်လိုကို တရာသီအငှားနဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အခြေခံအားဖြင့် သဘောတူမှု ရခဲ့သလို ဒီရယ်လိုနဲ့လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေတာကြောင့် မကြာခင်မှာပဲ ဒီရယ်လိုကို တရားဝင် ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။