လာမယ့် ဇန်နဝါရီ (၁၂)ရက်နေ့ကနေ (၁၆)ရက်နေ့အထိ ဆော်ဒီအာရေဗျျနိုင်ငံအတွင်းမှာ ကျင်းပသွားမယ့် စပိန်စူပါဖလားပြိ်ုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ပတ်ဒရီအပြင် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကစားသမားသစ် ဖယ်ရန်တောရက်စ်ပါ ပါဝင်ဆင်နွဲနိုင်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

Photo Credit : Marca

စပိန်လက်ရွေးစင် ကစားသမားတွေဖြစ်ကြတဲ့ ဖယ်ရန်တောရက်စ်နဲ့ ပတ်ဒရီတို့ နှစ်ဦးစလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကူးစက်မှုက Negative မဖြစ်သေးတာကြောင့် ဆော်ဒီအာရေဗျနိုင်ငံအထိ သွားရောက်ယှဉ်ပြိုင်ရမယ့် စပိန်စူပါဖလားပြိုင်ပွဲကို အသင်းနဲ့အတူ မလိုက်ပါနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုထိ ကိုဗစ် Negative မဖြစ်သေးတဲ့ ဖယ်ရန်တောရက်စ်ဟာ အခု စျေးကွက်အတွင်းမှာပဲ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဘာစီလိုနာဘက်က တောရက်စ်ကို အခုချိန်ထိ ကစားသမား မှတ်ပုံတင် မတင်နိုင်သေးတာကြောင့် ကိုဗစ်ပိုး ကူးစက်မှု မရှိရင်တောင် အသင်းအတွက် ကစားပေးနိုင်မှာ မဟုတ်လို့ စပိန်စူပါဖလားပြိုင်ပွဲကို သေချာပေါက် လွဲချော်ရမှာ ဖြစ်ပါတယ်။

Photo Credit : AS English

(၃၈)ကြိမ်မြောက်အဖြစ် ကျင်းပသွားမယ့် စပိန်စူပါဖလားပြိုင်ပွဲဟာ စပိန်နိုင်ငံအတွင်းမှာ ကျင်းပသွားမှာ မဟုတ်ပဲ အရှေ့အလယ်ပိုင်း နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျမှာ ကျင်းပမှာဖြစ်သလို အသင်း(၄)သင်းကို ဆီမီးဖိုင်နယ်အဆင့်ကနေ ကျင်းပစေမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ရီးယဲလ်မ်က်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုဒါဘီပွဲ အသက်လက်တီကိုအသင်းနဲ့ ဘီလ်ဘာအိုအသင်းတို့ပွဲတို့ ကျင်းပစေမှာဖြစ်ပြီး ဒီပွဲတွေကနေ အနိုင်ရတဲ့ အသင်းတွေက ဖိုင်နယ်မှာ ထပ်မံဆုံတွေ့ကြမှာ ဖြစ်ပါတယ်။ ဒီအသင်း(၄)သင်းမှာတော့ ဘာစီလိုနာအသင်းက စပိန်စူပါဖလားကို (၁၃)ကြိမ်နဲ့ အကြိမ်ရေအများဆုံး ရယူထားနိုင်တာဖြစ်ပြီး အသက်လက်တီကိုအသင်းကတော့ (၂)ကြိမ်နဲ့ အကြိမ်ရေ အနည်းဆုံးသာ ရယူထားနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပွဲစဉ်(၂)ပွဲနဲ့ ဖိုင်နယ်ပွဲ(၁)ပွဲ စုစုပေါင်း ပွဲစဉ်(၃)ပွဲလုံးကို ပရိသတ်ပေါင်း (၆၈၇၅၂)ယောက်အထိ ဝင်ဆံ့တဲ့ King Fahd ဘောလုံးကွင်းကြီးအတွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။