လီဗာပူးလ်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ စပိန်တိုက်စစ်ကစားသမားဟောင်းဖြစ်သူ ဖာနန်ဒိုတောရက်စ်က သူ့အသင်းဟောင်း(၂)သင်း ထိပ်တိုက်တွေ့ဆုံကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ရင်းနဲ့ လီဗာပူးလ်အသင်းရဲ့ တရားဝင် ရုပ်သံချန်နယ်မှာပါ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးအထိ ဖြစ်နေရပြီလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : Eurosport

အသက်လက်တီကို လီဗာပူးလ် ချယ်လ်ဆီး အေစီမီလန်နဲ့ ဂျေလိဂ်ကလပ် Sagan Tosu အသင်းတွေမှာပါ ကျင်လည်ခဲ့ဖူးတဲ့ အသက်(၃၇)နှစ်အရွှယ်ရှိ တိုက်စစ်မှူးဟောင်းကြီး ဖာနန်ဒိုတောရက်စ်ဟာ သူရဲ့ဘောလုံးသမားဘဝကနေ ၂၀၁၉ခုနှစ်မှာပဲ အဆုံးသတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသက်လက်တီကိုအသင်းရဲ့ လူငယ်အသင်းမှာ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တောရက်စ်ဟာ သူရဲ့ အသင်းဟောင်း(၂)သင်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ အသင်းဟောင်း လီဗာပူးလ်အသင်းရဲ့ LFC TV နဲ့ အင်တာဗျူးပါ ပြုလုပ်ရင်း လက်ရှိ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ မိုဆာလာကိုပါ ချီးကျူးပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : The Sun

ဆာလာနဲ့ပတ်သက်ပြီး တောရက်စ်က “လက်ရှိမှာ ဆာလာက အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေတယ်ဆိုတာ ရာနှုန်းပြည့်ကို သေချာပါတယ်။ ဒါက ဒီတစ်နှစ်တာအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့်တင်မကပဲနဲ့ ပြီးခဲ့တဲ့(၂)နှစ်(၃)နှစ်လောက်တည်းက သူရဲ့ခြေစွမ်းတွေက အံ့မခန်း ဖြစ်နေခဲ့တာပါ။ သူက လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက ကမ္ဘာ့အကောင်းဆုံး ကစားသမား (၂)ယောက် ဒါမှမဟုတ် (၃)ယောက်စာရင်းထဲကို ပါဝင်ထားခဲ့ပြီးသားလို့ ကျွန်တော်ထင်တယ်။ အခုလည်း သူ စံချိန််မှတ်တမ်းတွေကို ရိုက်ချိုးပြနေတာကို သင်တို့တွေ့မြင်နိုင်တာပဲလေ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ တောရက်စ်ဟာ လီဗာပူးလ်အသင်းမှာ (၄)နှစ်နီးပါး ကျင်လည်ခဲ့ပြီး ပွဲပေါင်း(၁၄၂)ပွဲအတွင်း သွင်းဂိုး(၈၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် လီဗာပူးလ်မှာ ဆုဖလား အောင်မြင်မှုတစ်ခုမှ မရယူနိုင်ခဲ့ပါဘူး။ ဒီရာသီအတွင်း (၁၄)ပွဲမှာ (၁၅)ဂိုးအထိ သွင်းယူထားတဲ့ ဆာလာကတော့ လီဗာပူးလ်မှာ တစ်ဦးချင်း အောင်မြင်မှုရော ဆုဖလားအောင်မြင်မှုကြီးတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပြီး ဒီရာသီမှာလည်း အသင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေကို ယူဆောင်နိုင်မယ့် အလားအလာကောင်းတွေ ရှိလို့နေပါတယ်။