လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ဘောလုံးလောကထဲကနေ အနားယူသွားခဲ့တဲ့ လီဗာပူးလ် အသက်လက်တီကို ချယ်လ်ဆီးနဲ့ အေစီမီလန်အသင်းတွေရဲ့ တိုက်စစ်မှူးဟောင်းကြီး ဖာနန်ဒိုတောရက်စ်ကတော့ သူရဲ့ပရိသတ်တွေကို အံ့အားသင့်စရာတွေ ထပ်မံဖန်တီးလိုက်ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးနောက်မှာ Gym တွေကစားပြီး ကိုယ်လုံးကိုယ်ထည် တောင့်တင်းလာအောင် လုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ တောရက်စ်ဟာ မကြာခင်မှာပဲ ဘောလုံးနယ်ပယ်ထဲကို တကျော့ပြန်ဝင်လာတော့မယ်ဆိုပြီး ထုတ်ပြန်ကြေညာလာခဲ့တာကြောင့် ပရိသတ်များစွာ Shock ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : AS English

လက်ရှိမှာ အသက်(၃၇)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ စပိန်တိုက်စစ်မှူးကြီး တောရက်စ်ဟာ ဂျပန်ဂျေလိဂ်ကလပ်အသင်းမှာ ပါဝင်ကစားနေရင်းကနေ ၂၀၁၉ခုနှစ် သြဂုတ်လမှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တောရက်စ်ဟာ ဘောလုံးနယ်ပယ်ထဲကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာဖို့ အဆင့်သင့်ဖြစ်လို့နေကြောင်း သူရဲ့အင်စတာဂရမ်ပေါ်ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။ တောရက်စ်ဟာ ကျောနံပါတ်(၉) တပ်ဆင်ထားတဲ့ ဘောလုံးဂျာစီတစ်ခုကို ဝတ်ဆင်လို့ထားပြီး သူဘောလုံးပြန်ကစားတော့မယ့်အကြောင်းတွေကို ရေးသားထားခဲ့သလို ဘယ်အသင်းမှာ ကစားမလဲဆိုတာကို လာမယ့်သောကြာနေ့မှာ ကြေညာသွားမယ်လို့ပါ အသိပေးသွားခဲ့ပါတယ်။

Photo Credit : Twitter

လျင်မြန်မှုကို အသားပေးတဲ့ တိုက်စစ်မှူးတောရက်စ်တစ်ယောက် အခုလို ကြံခိုင်တဲ့ ကိုယ်လုံးကိုယ်ထည်မျိုးနဲ့ ဘောလုံးပြန်ကစားတဲ့ အခါမျိုးမှာ လျင်မြန်မှုရော ကြံခိုင်မှုပါ အသားပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် ပြောင်းလဲတွေ့မြင်လာရနိုင်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အချစ်တော် တောရက်စ်က ဘယ်ကလပ်အသင်းမှာများ သူရဲ့ဘောလုံးသမားဘဝကို တကျော့ပြန် စတင်မလဲဆိုတာကို ပရိသတ်တွေက အရမ်းသိချင်နေကြပြီး တချို့ကလည်း တောရက်စ်အနေနဲ့ ကလပ်အသင်းတစ်ခုမှ ဝင်ရောက်ကစားမှာ မဟုတ်ပဲ ရန်ပုံငွေ ဘောလုံးပွဲတစ်ပွဲမှာသာ ပါဝင်လာလိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုနေကြပါတယ်။ ဒါပေမယ့် ကစားသမားဘဝမှာ ကမ္ဘာ့ဖလား ယူရိုဖလား ချန်ပီယံလိဂ် ယူရိုပါလိဂ်တို့လို အဓိကဆုဖလားကြီးတွေကို ရယူနိုင်ခဲ့ဖူးတဲ့ တောရက်စ်လို ကစားသမားကောင်းမျိုးကို ဘောလုံးနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာမယ့်ကိစ္စကတော့ ဘောလုံးပရိသတ်တွေအားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုပဲ ဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။