ပရီးမီးယားလိဂ် နာမည်ကြီး အသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက အိမ်ကွင်းမှာ စပါးအသင်းကို ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ ဆိုးရွားလှတဲ့ ကစားပုံတွေကြောင့် အသင်းဖော်တွေကို ဆူပူခဲ့တယ် လို့ မန်ယူအသင်းရဲ့ စီနီယာ တာဝန်ရှိသူ တစ်ဦးက ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ မန်ယူအသင်းဟာ ပွဲအစ ၁မိနစ် မပြည့်မီမှာပဲ ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကနေ တဆင့် ဖာနန်ဒက်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းရဲ့ ဦးဆောင်ဂိုးဟာ ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၃မိနစ်မှာတော့ စပါးအသင်းကို ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ ရပါတယ်။

Photo Credit: CBS Sports

အဲ့ဒီနောက်မှာတော့ စပါးအသင်းကသာ မန်ယူအသင်းကို တရစပ် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့သလို ပထမပိုင်း မပြီးခင်မှာလည်း နောက်ထပ် သွင်းဂိုး ၃ဂိုး ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ အခြေအနေဟာ အတော်ကို ဆိုးရွားခဲ့တယ် လို့ ဆိုနိုင်ပြီး ဖာနန်ဒက် ကတော့ အသင်းရဲ့ ဆိုးရွားတဲ့ ကစားပုံကို လက်သင့်ခံခြင်း မရှိပဲ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို ဆူခဲ့ကြောင်း မျက်မြင် မြင်တွေ့ခဲ့ရတဲ့ တာဝန်ရှိသူ တစ်ဦးက ဖွင့်ဟ သွားပါတယ်။ ဖာနန်ဒက်ဟာ အဝတ်လဲခန်း အတွင်းမှာ အသင်းအတွက် အားတက်စေမယ့် စကားတွေ ပြောခဲ့ပေမယ့် ဒုတိယပိုင်း ပြန်အစမှာတော့ ဖရက်ဒ်နဲ့ လူစားလဲခံခဲ့ရပြီး အသင်းအတွက် ဒုတိယပိုင်းမှာ ပါဝင် မကစားပေးရတဲ့ အတွက် ဖာနန်ဒက် ဟာ မပျော်မရွှင် ဖြစ်ခဲ့တယ် လို့လည်း သတင်းတချို့က ဖော်ပြထားပါတယ်။

Photo Credit: CBS Sports

အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦး ကတော့ ဖာနန်ဒက်ဟာ အဝတ်လဲခန်း အတွင်းမှာ အသင်းဖော်တွေကို ယခုလို ကစားပုံဟာ မန်ယူအသင်းနဲ့ သင့်တော်တဲ့ ကစားပုံ မဟုတ်ကြောင်း ဆူခဲ့တယ် လို့ ပြောပြသွားပါတယ်။ ဖာနန်ဒက်ရဲ့ ပထမပိုင်း အပြီး ပြောစကားများ အကြောင်းကို ” သူက သူ့ရဲ့ အသင်းဖော်တွေကို စုစည်းပြီးတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းခဲ့တဲ့ အတွက် ဆူပူ ကြိမ်းမောင်းခဲ့ပါတယ်။ သူက ” ငါတို့က မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ဖြစ်နေရမယ်။ ဒီလိုမျိုးကိစ္စတွေကို လက်သင့်ခံလို့ မရဘူး ” လို့လည်း အော်ငေါက်ခဲ့ပါသေးတယ် ” လို့ တာဝန်ရှိသူက ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။