လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဇာဗီယာက မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ရော်နယ်ဒို၊ ဘက်ခမ်း၊ စခိုးလ် နဲ့ ကန်တိုနာတို့လို မန်ယူ ဂန္တဝင် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ ကွင်းလယ်လူ ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ အပြောင်းအရွေ့ ဈေးကွက်မှာ ပေါ်တူဂီ အခြေစိုက် စပို့တင်း လစ္စဘွန်းအသင်းကနေ မန်ယူနိုက်တက်အသင်းကို ပေါင် သန်း (၅၀) နဲ့ ပြောင်းလာခဲ့ပြီး မန်ယူအသင်းရဲ့ ကွင်းလယ်ကို အားကောင်းစေခဲ့ပါတယ်။

 

Photo Credit: Goal

အသက် (၂၅) နှစ်အရွယ် မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၇) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃) ဂိုးအထိ သွင်းယူထားပြီး မန်ယူအသင်းကလည်း ပြိုင်ပွဲစုံ (၁၄) ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရရှိထားပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုရော ပြုလုပ်ထားပြီး လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဇာဗီယာကတော့ ကွင်းလယ်လူ ဖာနန်ဒက်စ်အနေနဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်လာနိုင်တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

Stats Perform News မှာ ဇာဗီယာက “ဖာနန်ဒက်အပေါ်မှာ ကျွန်တော့်ရဲ့ အမြင်က သူအနေနဲ့ လာမယ့် နှစ်တွေမှာ မန်ယူအသင်းအတွက် အဓိက ကစားသမားတွေထဲက တစ်ဦး ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ ကစားတဲ့ ပုံစံ နဲ့ သူ ပွဲစဉ်ကို ထိန်းချုပ်တဲ့ ပုံစံက ကောင်းပါတယ်။ ပရိသတ်တွေက အသင်းရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ရော်နယ်ဒို၊ ဒေးဗစ် ဘက်ခမ်း၊ ဖာဒီနန်၊ အဲရစ် ကန်တိုနာ နဲ့ ပေါ စခိုးလ်တို့ကို ချစ်သလိုမျိုး သူ့ကို နှစ် အကြာကြီး ချစ်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က ဒီလို ဂန္တဝင် ကစားသမားတွေထဲက တစ်ဦးလို အဆုံးသတ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။