MySport Myanmar

နစ္စတဲလ်ရွိုင်းက ကလပ်အသင်းကို အားဖြည့်ပေးခဲ့တယ်လို့ ဆိုလိုက်တဲ့ ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းဟာ သူ တာဝန်ယူနေတဲ့ ကာလအတွင်းမှာ ကလပ်အသင်းအတွက် အားဖြည့်ပေးနိုင်ခဲ့တယ်လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားဟောင်းကြီး နစ္စတဲလ်ရွိုင်းဟာ ဒီနွေမှ အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး အဲရစ် တန်ဟက်ဂ် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရင်း တန်ဟက်ဂ်နဲ့ ယူနိုက်တက်တို့ လက်တွဲဖြုတ်ချိန်မှာတော့ နစ္စတဲလ်ရွိုင်းက ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ်ပါ တာဝန်ပေးခံရပါတော့တယ်။

Photo Credit : United in Focus

ယူနိုက်တက်က တန်ဟက်ဂ်နေရာအတွက် စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်နဲ့ အစားထိုးခဲ့ပေမယ့် အမော်ရင် အသင်းဆီ ရောက်မလာခင်မှာ နစ္စတဲလ်ရွိုင်းက ယာယီနည်းပြအဖြစ် ပွဲစဉ် (၄)ပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့ရာ အခုဆိုရင် (၄)ပွဲလုံး ကိုင်တွယ်အပြီး (၃)ပွဲနိုင် (၁)ပွဲသရေနဲ့ လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီ တန်ဟက်ဂ်လက်ထက် ပြိုင်ပွဲစုံမှာ (၃)ပွဲသာ နိုင်ပွဲရခဲ့ပေမယ့်လည်း အခု နစ္စတဲလ်ရွိုင်း ကိုင်တွယ်နေချိန် ပြိုင်ပွဲစုံ (၄)ပွဲသာ ကစားပြီးချိန်မှာတော့ (၃)ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် နစ္စတဲလ်ရွိုင်းကတော့ ယူနိုက်တက်ကို ဆက်လက် ကိုင်တွယ်ရတော့မှာ မဟုတ်ဘဲ နည်းပြသစ် အမော်ရင်သာ လာမယ့် ရက်ပိုင်းအတွင်း အသင်းကို စတင် တာဝန်ယူသွားရပါတော့မယ်။

Photo Credit : Football365

အသင်းအတွက် အခုလို အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့ နစ္စတဲလ်ရွိုင်းအပေါ် ဖာနန်ဒက်စ်က “ရုဒ် ဗန် နစ္စတဲလ်ရွိုင်းက ကလပ်အသင်းကို အားဖြည့်ပေးခဲ့တယ်။ သူက ဒီကလပ်ကို ချစ်မြတ်နိုးတယ်။ သူက အသင်းက ကစားသမားတွေကို ပျော်ရွှင်စေချင်တယ်။ သူက ကစားသမားအားလုံးကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပွဲတွေဆီ ခေါ်ဆောင်လာတယ်။”

“သူက ကျွန်တော်တို့ အားလုံးကို ပျော်စေချင်ရုံပါ။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို အသင်းနည်းပြတစ်ဦးအနေနဲ့ ကောင်းကောင်း နှုတ်ဆက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အကောင်းဆုံး လုပ်ပေးခဲ့လို့ပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ နစ္စတဲလ်ရွိုင်းအနေနဲ့ ယူနိုက်တက်မှာ ဆက်လက် ရှိနေရဦးမလားဆိုတာ မသေချာသေးပေမယ့်လည်း အသင်းနဲ့ လက်တွဲဖြုတ်ရဖို့ကတော့ ပိုပြီး အခြေအနေများနေပါတယ်။

Exit mobile version