မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူတို့အသင်းအနေနဲ့ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကိုသာ ရာထူးကနေ ထုတ်ပယ်ဖြစ်မယ်ဆိုရင် တန်ဟက်ဂ် နေရာအတွက် စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်နဲ့ အစားထိုးစေချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ လက်ရှိမှာ အသင်းရလဒ်ပိုင်း ဆိုးရွှားနေမှုကြောင့် ဖိအားဒဏ်တွေနဲ့ပါ ရင်ဆိုင်နေရပြီး အသင်းကနေ ထုတ်ပယ်ခံရဖို့လည်း ရေပန်းစားလျက် ရှိနေသလို သူ့နေရာ ဘယ်နည်းပြက အစားဝင်ရောက်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေဟာလည်း အတော်လေးကို များပြားလာခဲ့ပါတယ်။

Photo Credit : Goal

တန်ဟက်ဂ်က ယူနိုက်တက်နည်းပြဘဝ တတိယမြောက်ရာသီမှာ ရာသီအစပိုင်းတင်ပဲ ရုန်းကန်နေရသလို သူ့ကို ထုတ်ပယ်ပြီး အသင်းဘက်က လက်ရှိ အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်နေတဲ့ ရုဒ် ဗန် နစ္စတဲလ်ရ်ွိုင်းကိုပါ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့လည်း ရှိနေတဲ့အပြင် တခြားနည်းပြတွေနဲ့ပါ အစားထိုး ခန့်အပ်သွားဖို့လည်း စီစဉ်နေကြပါတယ်။

ယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲမှာ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ အမော်ရင်လည်း ပါဝင်လို့နေပြီး ဖာနန်ဒက်စ်ကလည်း သူ့အသင်းဟောင်း စပို့တင်း လစ္စဘွန်းကို ကိုင်တွယ်နေတဲ့ နည်းပြအမော်ရင်ကို ယူနိုက်တက် နည်းပြသစ် ဖြစ်လာစေချင်နေပါတယ်။

Photo Credit : Tribuna

ဖာနန်ဒက်စ်က နည်းပြ အမော်ရင်ဟာ ပေါ်တူဂီလိဂ်မှာသာမကပဲ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာလည်း အကောင်းဆုံးတွေ လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး သူရဲ့နည်းပြဗျူဟာတွေနဲ့လည်း အောင်မြင်နိုင်လိမ့်မယ်လို့ ထင်မြင်နေပါတယ်။ ဒါ့အပြင် အမော်ရင်က စပို့တင်းလို အသင်းမျိုးကို ဆုဖလားတွေ ရယူပေးထားနိုင်တာဖြစ်လို့ ဘယ်အသင်းကို ကိုင်တွယ်ပါစေ အောင်မြင်နိုင်လိမ့်မယ်လို့ ဖာနန်ဒက်စ်က ယုံကြည်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်အနေနဲ့ကတော့ ခံစစ်တန်းမှာ ခံစစ်ကစားသမား (၃)ဦးကို အသုံးပြုတက်တဲ့ ရူဘင် အမော်ရင်ထက် တခြားသော နည်းပြမျိုးကိုသာ ပိုမို ပစ်မှတ်ထားဖွယ် ရှိနိုင်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘိုင်ယန်နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ကိုသာ ပိုမို အလိုုရှိနေတယ်လို့ သိရပါတယ်။