ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက် ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်လို့ တစ်ဦးချင်း ဆုတံဆိပ်တွေ ရရှိတာထက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့သာ ဆုဖလား အောင်မြင်မှုတွေ ရယူချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပေါ်တူဂီ ကလပ် စပို့တင်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းကို ရောက်ရှိခါစမှာပဲ အသင်းနဲ့ အသားကျသွားကာ ခြေစွမ်းကောင်းတွေ ထုတ်ပြ နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိကာစမှာပဲ အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်လာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၂၉ပွဲ ပါဝင် ကစားပြီးချိန်မှာ ၁၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ်။ ဒါဟာ ကွင်းလယ်လူ တစ်ဦးအတွက် အံ့မခန်း စွမ်းဆောင်ရည်လို့တောင် ပြောနိုင်ပြီး ဘရူနို ဖာနန်ဒက်ဟာ ၂၀၂၀ ခုနှစ် အတွက် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း ချီးကျူးမှုတွေကို ခံနေရပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ၅ဦးထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ ရတာကြောင့် လက်ရှိ ဘောလုံးရာသီ မှာသာ သူ့ရဲ့ ခြေစွမ်းကောင်းကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပါက ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိနိုင်ချေ ရှိနေပါတယ်။

Photo Credit: Express

ဒါပေမယ့် ဖာနန်ဒက် ကတော့ သူဟာ တစ်ဦးချင်းဆုထက် အသင်းလိုက် အောင်မြင်မှုကိုသာ ပိုမို လိုချင်တဲ့ အကြောင်းကို MUTVနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဖာနန်ဒက် က “ကျွန်တော်တို့ အသင်း ဆုဖလား ရဖို့ကသာ အရေးအကြီးဆုံး အရာတစ်ခုပါ။ ကစားသမား တစ်ဦး အတွက် တစ်ဦးချင်း ဆုတံဆိပ်တွေ ရတာက ကောင်းတဲ့ အရာတစ်ခုပါ။ ကျွန်တော်ကလည်း ကျွန်တော်ဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆု ဒါမှမဟုတ် PFAရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို မလိုချင်ဘူးလို့ ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် အဲ့ဒီဆုတွေကို လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်း ဆုဖလား ရရှိမှ အဲ့ဒီဆုတွေကို လိုချင်တာပါ။ တကယ်လို့ အသင်းကသာ ဆုဖလား မရရှိဘူးဆိုရင် ကျွန်တော်ကလည်း အဲ့ဒီဆုတွေကို မလိုချင်ပါဘူး။ ကျွန်တော့် အတွက် အရေးအကြီးဆုံး က အသင်းဖော်တွေကို အကောင်းဆုံး ကူညီပေးပြီး အသင်းရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုကို လိုချင်တာပါပဲ။ အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိတာက အသင်းအတွက် အကောင်းတကာ့ အကောင်းဆုံး စွမ်းဆောင်ပေးထားသူ လို့ အဓိပ္ပါယ် ရပါတယ်” ဆိုပြီး ဖြေကြား သွားခဲ့ပါတယ်။