ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူတဦး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ကတော့ သူဟာ တစ်နေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ် နည်းပြချင်ကြောင်း ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ စပို့တင်းအသင်းကနေ ပြောင်းရွှေ့လာတဲ့ ကစားသမား ဖြစ်ပြီး အသင်းကို စတင် ရောက်ရှိချိန်မှ စတင်ကာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာသလို အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၇၃ပွဲအထိ ကစားထားရာ သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်နိုင်ခဲ့ကာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရပါတယ်။ ထို့အပြင် ဖာနန်ဒက်ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားကွက်မှာ မရှိမဖြစ် ကစားသမား အဖြစ် အသုံးခံနေသူ ဖြစ်တာကြောင့် တစ်ချိန်မှာ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ် လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဖာနန်ဒက်ကတော့ သူဟာ ကစားသမား ဘဝကနေ အနားယူချိန်မှာ နည်းပြလောကထဲကို ဝင်ရောက်ချင်သလို မန်ချက်စတာ ယူနိုက်တက်အသင်းကိုလည်း နည်းပြချင်ကြောင်း ဖွင့်ဟ ပြောပြခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ် နည်းပြချင်တဲ့ အကြောင်းကို ဖာနန်ဒက်က – “ကျွန်တော်က ဘောလုံးနဲ့ ပတ်သတ်ရင် အရာအားလုံးကို နှစ်သက်ပါတယ်။ ပြီးတော့ ကျွန်တော်က တစ်နေ့မှာ နည်းပြတဦး ဖြစ်ချင်ပါသေးတယ်။ ရိုးသားစွာ ပြောရရင် ကျွန်တော် နည်းပြဖြစ်ချင်တယ် ၊ ဘယ်အသင်းကို နည်းပြရမလဲ ဆိုတာကိုတော့ မသိသေးပါဘူး။ ကမ္ဘာပေါ်မှာ အကြီးဆုံးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရရင်တော့ ကျွန်တော် အရမ်းကို ပျော်ရမှာပေါ့ဗျာ။ အခုချိန်မှာ ကျွန်တော် ဒီစကားတွေကို ပြောနိုင်ပါတယ်။ ဒါမှသာ ကျွန်တော် နည်းပြဖြစ်လာတဲ့အခါ အသင်းရဲ့ ပရိသတ်တွေက ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြတဦး ဖြစ်လာအောင် တွန်းအားပေးနိုင်မှာပေါ့” လို့ ပြောကြား သွားခဲ့တာပါ။