ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်ကတော့ သူဟာ ဘောလုံးသမားဘဝ ကနေ အနားယူသွားရင် နည်းပြတဦး အဖြစ် ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ဟာ စပို့တင်း လစ္စဘွန်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိလာပြီးနောက် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ အထိ ခြေစွမ်းပြထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ၂နှစ်ကျော်ကာလ အတွင်းမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၁၀၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၅ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖာနန်ဒက်ဟာ တဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်သလို ပါဝင် ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ ကြားကုတ်ကြားခဲ ကြိုးစားလေ့ ရှိကာ အသင်းဖော်တွေကိုလည်း ဦးဆောင်နိုင်စွမ်း ရှိတာကြောင့် တချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူ အဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။

Photo Credit: Football 365

ဖာနန်ဒက်ကတော့ သူဟာ အသင်းဖော်တွေကို ဦးဆောင်ရတာ သဘောကျသလို တချိန်မှာ နည်းပြတဦး အဖြစ် ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်ဖို့ အစီအစဉ် ရှိသလို နည်းပြသင်တန်းလည်း တက်ရောက်နေကြောင်း ပေါ်တူဂီ သတင်းဌာန တခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှ ပြောပြသွားခဲ့ပါတယ်။

ဖာနန်ဒက်က – “ကျွန်တော့်အတွက် မှတ်စုစာအုပ်ကို လက်ဆောင် ရလိုက်တာက ကောင်းပါတယ်။ ကျွန်တော်က တနေ့မှာ နည်းပြတဦး ဖြစ်ချင်ပါတယ်။ လက်ရှိလည်း ကျွန်တော်က နည်းပြသင်တန်း တခု တက်နေပါတယ်” လို့ ပြောပြသွားခဲ့တာပါ။