ယနေ့ည ၆နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကတော့ ရင်ခုန် စိတ်လှုပ်ရှားမှု များစွာ ပေးစွမ်း နိုင်ခဲ့ပြီး အတော်လေးကို ပဉ္စလက် ဆန်တဲ့ အခိုက်အတန့်တွေ ဖြစ်ပွားခဲ့တဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်ပါတယ်။ မန်ယူအသင်းက အဝေးကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပိုင်း အရ ပိုမို ကောင်းမွန်ခဲ့တဲ့ အသင်းဟာ အိမ်ရှင် ဘရိုက်တန် အသင်း ဖြစ်ပြီး ဘရိုက်တန် အသင်းဟာ ပွဲအတွင်းမှာ ဂိုးသွင်းခွင့်တွေ အများအပြား ရခဲ့ပေမယ့် ရရှိခဲ့တဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချ နိုင်ခဲ့တာကြောင့် မန်ယူ အသင်းကို နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ အိမ်ကွင်းမှာ အရှုံပေးခဲ့ရတာပါ။

Photo Credit: Mirror

မန်ယူအသင်း ကတော့ ဒီနေ့ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် လာခဲ့ပေမယ့် ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးကိုလည်း ဦးစွာ ခွင့်ပြု ခဲ့ရပါတယ်။ ဘရိုက်တန် အသင်း အတွက် ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၄၀ မိနစ်မှာ လမ့်တေး ကြောင့် ရရှိတဲ့ ပင်နယ်တီကို တိုက်စစ်မှူး မော်ပေးက ပီနန်ကာ ကန်ချက်နဲ့ အဆုံးသတ်ကာ သွင်းယူ ပေးခဲ့တာပါ။ ဒါပေမယ့် ဘရိုက်တန် အသင်းရဲ့ ဦးဆောင်ဂိုးဟာ ၃ မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာ ပြစ်ဒဏ်ဘော ကနေ လျှံကျလာတဲ့ ဘောလုံးကို မာတစ်က မက်ဂွိုင်းယားထံ ပေးပို့ခဲ့ကာ ဘရိုက်တန် ခံစစ်မှူး ဒန့်က မက်ဂွိုင်းယား ဂိုးမသွင်းနိုင်အောင် ကြိုးစား ခဲ့ပေမယ့် ဘောလုံးဟာ သူ့ရဲ့ ခြေထောက်နဲ့ ထိမှန်ပြီး ဂိုးထဲကို ဝင်သွားခဲ့တာကြောင့် မန်ယူအသင်းဟာ ချေပဂိုး ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ဒုတိယပိုင်း အစမှာတော့ မန်ယူအသင်းက ဂိုးသွင်းခွင့် တချို့ ရခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ် ကနေ တဆင့် ရက်ဖို့ဒ်က ဂိုးဧရိယာ အတွင်းမှာ နောက်ခံလူ သုံးဦးကို လှည့်စားကာ မန်ယူအသင်း အတွက် ဦးဆောင်ဂိုး ကို သွင်းယူ ပေးခဲ့ပါတယ်။ မန်ယူအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရ အပြီးမှာတော့ ဘရိုက်တန် အသင်းဟာ တိုက်စစ်မြှင့် ကစားခဲ့ပေမယ့် အဆုံးသတ် ကန်ချက်တွေဟာ ဂိုးဘားတန်း ၊ ဂိုးတိုင်တွေနဲ့သာ ထိမှန်ခဲ့တာကြောင့် ချေပဂိုး မရခဲ့ပါဘူး။ ဒုတိယပိုင်း ပြီးဆုံးဖို့ နောက်ဆုံး မိနစ်နား ရောက်ရှိတဲ့ အချိန်မှာတော့ ဘရိုက်တန် အသင်းက လိုအပ်နေတဲ့ ချေပဂိုး ရရှိခဲ့ပြီး တစ်ပွဲလုံး ဂိုးကံခေနေတဲ့ ဘယ်တောင်ပံ ကစားသမား မတ်က ထောင့်ကန်ဘော ကနေ တဆင့် သွင်းယူ သွားခဲ့တာပါ။

Photo Credit: Mirror

တစ်ဖက် ၂ဂိုးစီ သရေရလဒ်နဲ့ ပွဲဟာ ပြီးဆုံး သွားခဲ့ပြီ လို့ အားလုံးက ထင်မှတ် ထားကြပေမယ့် ပွဲရဲ့ နောက်ဆုံးမှာတော့ အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်ခဲ့ပြီး မန်ယူ ခံစစ်မှူး မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို ဘရိုက်တန် ခံစစ်မှူး မော်ပေးဟာ လက်နဲ့ တားခဲ့တာကြောင့် ကွင်းလယ်ဒိုင်ဟာ VAR ပြန်ကြည့်ကာ ပင်နယ်တီ ပြစ်ဒဏ်ဘော မန်ယူအသင်းကို ကန်ခွင့် ပေးခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီ ကိုတော့ မန်ယူ အသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်က အမှားမရှိအောင် ကန်သွင်း နိုင်ခဲ့ပြီး မန်ယူအသင်း ဟာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင် ရရှိခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဘရိုက်တန် အသင်းရဲ့ ကစားသမားတွေဟာ ကွင်းလယ်ဒိုင် ကာဗန်နက်ဂ်ကို ပြင်းထန်စွာ စောဒက တက်ခဲ့ကြပြီး မန်ယူ ကစားသမား တချို့ကိုလည်း ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မန်ယူ အသင်းရဲ့ အနိုင်ဂိုးရှင် ဖြစ်တဲ့ ဖာနန်ဒက်က ပွဲအပြီးမှာတော့ ဘရိုက်တန် အသင်းအနေနဲ့ ပွဲကို အနိုင်ရရှိရန် ဂိုးသွင်းဖို့ကိုသာ အာရုံစိုက်ခဲ့ သင့်ကြောင်း တုံ့ပြန် ပြောဆို သွားပါတယ်။ ဖာနန်ဒက်က ” သူတို့(ဘရိုက်တန်အသင်း) ကတော့ သူတို့ ပိုကောင်းတယ် လို့ ပြောချင် ပြောမှာပါ။ ဒါပေမယ့် အရေးအကြီးဆုံးက ဂိုးသွင်းဖို့ ဖြစ်ပြီး ဂိုးတိုင်တွေကို ကန်ဖို့ မဟုတ်ပါဘူး ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။