ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ တစ်ဦးလို့ ဆိုရမယ့် ဘရူနို ဖာနန်ဒက်ကတော့ လက်ရှိရာသီမှာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးအဖြစ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုကို ခံနေရပါတယ်။ အသက် ၂၆နှစ် အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်ဟာ ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်း ကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပေါ်တူဂီသားတွေနဲ့ အကျိုးပေးတတ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ထုံးစံအတိုင်းပဲ အသင်းထံ ရောက်ရှိပြီး မကြာခင်မှာပဲ အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်ဟာ သူ့ရဲ့ အရည်အသွေးကို ထပ်မံ ပြသ သွားခဲ့ပြီး အသင်းအတွက် ၄၅မိနစ်သာ ဝင်ရောက် ကစားခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှု ၈ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ အဆိုပါ အခွင့်အရေး ဖန်တီးမှု မှတ်တမ်းဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ကစားသမား တစ်ဦးက ပွဲစဉ်တစ်ပွဲ အတွင်း အမြင့်မားဆုံး အခွင့်အရေး ဖန်တီးမှု မှတ်တမ်းလည်း ဖြစ်ကြောင်း အချက်အလက်တွေ အရ သိရှိ ရပါတယ်။ ဘရူနို ဖာနန်ဒက်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁၀ဂိုး သွင်းယူ ထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် ဖာနန်ဒက်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၁၁ပွဲသာ ကစားရသေးပေမယ့် အခွင့်အရေး ဖန်တီးမှု ၃၅ကြိမ်အထိ ရှိနေခဲ့ပြီး ဒါဟာ ဥရောပတိုက်မှာ ရှိတဲ့ ဘယ်ကစားသမားထက် မဆို သာလွန်နေတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ ဖာနန်ဒက်ဟာ တစ်ပွဲပျမ်းမျှ ၃.၅ကြိမ် အခွင့်အရေး ဖန်တီးမှု ရှိနေပြီး ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမြင့်မားဆုံး စွမ်းဆောင်ရည် တစ်ခု ဖြစ်သလို ဥရောပတိုက် မှာတော့ သူ့ထက် စွမ်းဆောင်ရည် သာတဲ့ ကစားသမား ဟာ ကယ်ဟာနိုဂလူး (၃.၈ကြိမ်) သာ ရှိပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ကျိန်းသေပေါက် သွင်းဂိုး ရရှိနိုင်တဲ့ အခွင့်အရေး ဖန်တီးမှု ၈ကြိမ်အထိလည်း ပြုလုပ် ထားနိုင်ခဲ့ပါသေးတယ်။ ကဲ ဒီရာသီမှာ ဖာနန်ဒက် တစ်ယောက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဘယ်လောက်အထိ အမြင့်ပျံနိုင်အောင် လုပ်ဆောင် ပေးမလဲ ဆိုတာ စောင့်ကြည့်သွားရဦးမှာပါ။