ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွှေ့မှာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း ကနေ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ အသင်းသစ်မှာ လျင်မြန်စွာ အသားကျခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကို အားလုံးလဲ သိရှိကြမှာပါ။ ဖာနန်ဒက်ဟာ မန်ယူအသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲ ကစားပေးထားရာမှာ ၂ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၃ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလအကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဂိုးဖန်တီးမှုတွေထဲမှာ အလှပဆုံး ဖန်တီးမှု ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်က ဂိုး ဖန်တီးမှုအကြောင်းကို ဖာနန်ဒက်က ရှင်းပြလာခဲ့ပါတယ်။

Photo Credit: Standard.com

မန်ယူအသင်းက မန်စီးတီးအသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားခဲ့ရကာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖာနန်ဒက် ဟာ ပွဲကစားချိန် ၃၀မိနစ်မှာ မန်စီးတီးအသင်းရဲ့ ကွင်းဘက်ခြမ်းမှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို ဘယ်သူမှ မထင်မှတ်ထားတဲ့ မတင်ပေးပို့မှုနဲ့ ဂိုးဧရိယာထဲမှာရှိတဲ့ မာရှယ်ဆီကို ရုတ်တရတ် ဘောလုံးပေးပို့ခဲ့တာဖြစ်ပြီး အဆိုပါဖန်တီးမှုကို မာရှယ်က မြေမကျကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လှပတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်လာခဲ့တာပါ​။ ဖာနန်ဒက်က သူ့အနေနဲ့ အဆိုပါဖန်တီးမှုမျိုးကို မန်စီးတီးနဲ့ပွဲမှာမှ ပထမဦးဆုံးအကြိမ် လုပ်ဆောင်တာ မဟုတ်ကြောင်းနဲ့ ဝက်ဖို့ဒ် အသင်း ၊ အဲဗာတန်အသင်းတို့နဲ့ပွဲမှာလည်း အဆိုပါဂိုးဖန်တီးမှုမျိုး လုပ်ခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲသွားခြင်းမရှိဘူးလို့ ဆိုသွားပါတယ်။ ဖာနန်ဒက်က ” ဒါက စီစဉ်ထားတဲ့အရာ မဟုတ် ပါဘူး။ အဲဗာတန်နဲ့ပွဲမှာလည်း ကျွန်တော်တို့တွေ ဒါမျိုး လုပ်ခဲ့တာကို လူတိုင်းသိကြပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ကျွန်တော်တို့ လုပ်ခဲ့ပါသေးတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာ ကျွန်တော့်ရဲ့ ပေးပို့မှုက ကောင်းပေမယ့် မာရှယ်က အသင့်မဖြစ်ခဲ့ပါဘူး။ အဲဗာတန်နဲ့ပွဲမှာတော့ ကျွန်တော့်ရဲ့ ပေးပို့မှုက လွဲချော်ခဲ့တာပါ ” လို့ ပြောပြသွားပါတယ်။

Photo Credit: Standard.com

ဒါ့အပြင် ဖာနန်ဒက်က မန်စီးတီးနဲ့ပွဲစဉ်မှာ သူဟာ အဂူရိုနဲ့ ဂန်ဒိုဂန်တို့ကို လှည့်စားခဲ့တဲ့ အကြောင်းလဲ ရှင်းပြသွားပါတယ်။ ဖာနန်ဒက် က ” ဒါက ကွင်းထဲမှာ ရှိနေတဲ့အချိန် ခင်ဗျားနဲ့ ခင်ဗျားရဲ့ အသင်းဖော်တွေကြားထဲမှာ ရှိနေတဲ့ ဆက်သွယ်မှုနဲ့ သက်ဆိုင်တဲ့အရာပါ။ အဲ့ဒီတုန်းက ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို ဘယ်သူ ကန်မလဲဆိုတာ ကျွန်တော်နဲ့ ဖရက်ဒ်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အဲ့ဒီနေရာက ဘယ်သန် ကစားသမားတွေ ပြစ်ဒဏ်ဘောကန်သင့်တဲ့ နေရာတစ်ခုပါ။ အဲ့ဒီအချိန်မှာ မာရှယ်က လှမ်းကြည့်တယ်ဗျ။ ကျွန်တော်ကလည်း မာရှယ်ကို လှမ်းကြည့်လိုက်တယ်။ အဲ့ဒီမှာပဲ ကျွန်တော်နဲ့ သူနဲ့ကြားမှာ ဆက်သွယ်မှုတစ်ခု ရှိသွားရောဗျ။ ဒါနဲ့ ကျွန်တော်လဲ ဖရက်ဒ်ကို ပြောလိုက်တယ်။ အေး ဖရက်ဒ် မင်းကန်စမ်း… ဆိုပြီးပေါ့။ ဒါက ကျွန်တော့်အနေနဲ့ မန်စီးတီးကစားသမားတွေကို လှည့်ဖြားချင်လို့ ပြောခဲ့တဲ့စကားပါ​။ ဥပမာပြောရရင် အဂူရိုနဲ့ ဂန်ဒိုဂန်တို့ပေါ့။ ကျွန်တော့် စကားကို သူတို့ကြားလိုက်ရတဲ့အချိန်မှာ စိတ်ပေါ့ပါးသွားကြတဲ့ပုံပါပဲ။ အဲ့ဒီမှာပဲ ကျွန်တော်က ရုတ်တရတ် မာရှယ်ကို မတင်ပေးလိုက်တယ်။ မာရှယ်ကလည်း ခပ်မြန်မြန်ပြေးပြီး မြေမကျ ကန်လိုက်တယ်။ ပြီးတော့ ဂိုးသွားတယ်ပေါ့။ တကယ်ကို လှပတဲ့ ပေါင်းစပ်မှုတစ်ခုပါပဲ ” လို့ ရှင်းပြသွားခဲ့ပါတယ်။