မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ရောက်လာခဲ့ချိန်ကနေစပြီး အသင်းက တိုးတတ်ပြောင်းလဲလာခဲ့တယ်ဆိုတာက လုံးဝကို ငြင်းမရတဲ့ အမှန်တရားပါ။ သူက အသင်းကို အကောင်းဆုံးမောင်းနှင်ပေးနေတဲ့ ကစားသမားမျိုးဖြစ်တယ်ဆိုတာ တစ်နှစ်တာအတွင်းမှာ သူရယူခဲ့တဲ့ တစ်လအကောင်းဆုံးဆုတွေက သက်သေပါပဲ။ ဒါပေမယ့် အသင်းအတွက် စိတ်ဓါတ်အပြည့်နဲ့ ကစားပေးတတ်တဲ့ ဖာနန်ဒက်စ်ဟာ Big Games လို့ပြောရမယ့် ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးတွေမှာဆိုရင်တော့ သူရဲ့စွမ်းဆောင်ရည်တွေ ငုပ်လျှိုးသွားတတ်တာ ပွဲတိုင်းနီးပါးလို့တောင် ပြောလို့ရနိုင်ပါတယ်။

Photo Credit : Pundit Arena

အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် တကယ့်ကို လိုအပ်နေတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့ အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း အသင်းကို ၂၀၁ရခုနှစ်နောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိနိုင်ဖို့ ထမ်းတင်ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ရဲ့ အဓိကပြသာနာတစ်ခုကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသင်းအတွက် ကြီးကြီးမားမား စွမ်းဆောင်ရည်မျိုးတွေကို မလုပ်ဆောင်ပြနိုင်တာပါပဲ။

Photo Credit : Goal

The Sun သတင်းစာရဲ့ ဖော်ပြချက်တွေအရ ဖာနန်ဒက်စ်ဟာ Big Six မဟုတ်တဲ့ တခြားပရီးမီးယားလိဂ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်(၂၄)ပွဲမှာ (၁၇)ဂိုးသွင်းယူခဲ့ကာ (၁၂)ဂိုးထိ ဖန်တီးပေးနိုင်ခဲ့ပေမယ့်လည်း Big Six အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်(၈)ပွဲမှာတော့ သွင်းဂိုးရော ဂိုးဖန်တီးမှုက (၂)ကြိမ်စီသာ ရှိခဲ့ရတဲ့အပြင် အခွင့်အရေးဖန်တီးနိုင်စွမ်းတွေ ဂိုးကန်ချက်တွေနဲ့ ဘောလုံးပေးပို့မှု တိကျနှုန်းတွေမှာလည်း လျော့ကျလျက်ရှိနေပါတယ်။ အနီးစပ်ဆုံး ကစားသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာဆိုရင်လည်း ဖာနန်ဒက်စ်ဟာ ဘောလုံးပေးပို့မှုက (၆၁%)သာ အောင်မြင်မှုရှိခဲ့ပြီး အခွင့်အရေးဖန်တီးနိုင်မှုနဲ့ Key Passes ကိုလည်း တစ်ကြိမ်စီပဲ လုပ်ဆောင်နိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ဖာနန်ဒက်စ်က ဘောလုံးဆုံးရှုံးမှုတွေ များနေခဲ့ရသလို မန်စီးတီးနဲ့ကစားခဲ့ရတဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲလို အသင်းအတွက် အရေးပါတဲ့ပွဲမှာလည်း ခြေစွမ်းပိုင်း ညံဖျင်းခဲ့ရပါတယ်။ အသင်းအတွက် စိတ်ဓါတ်အပြည့် အားအင်အပြည့်နဲ့ အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်နေပေမယ့်လည်း Big Games တွေမှာ ပျောက်ကွယ်နေတတ်တာမျိုးကိုတော့ ပြင်ဆင်နိုင်မှသာ ယူနိုက်တက်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်မှာဖြစ်သလို အသင်းရဲ့ တကယ့် Legend တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ထင်မိပါတယ်။