ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ မနက်အစောပိုင်းမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားခဲ့ရပေမယ့် ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပါတယ်။ ဒါဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၂ရာသီ အတွင်းမှာ ဖလားပြိုင်ပွဲ ၄ခုဆက် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ၄ကြိမ်စလုံး ဆီမီးဖိုင်နယ် အဆင့်ကို ရှုံးနိမ့်ခဲ့ရတဲ့ မှတ်တမ်းဆိုး တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာလည်း ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလား ၊ ယူရိုပါလိဂ်ဖလား စတဲ့ ပြိုင်ပွဲတွေ အားလုံးမှာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အဆိုပါ အဆင့်တွေကနေ လှည့်ပြန်ခဲ့ ရပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ရောက်ရှိလာကာ အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက် ကတော့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ ၁နှစ် ပြည့်ချိန်မှာ ဖလားပြိုင်ပွဲ သုံးခုမှာ ဆီမီးဖိုင်နယ် ၃ကြိမ်ဆက် တက်ရောက် နိုင်ခဲ့ပေမယ့် ၃ပွဲစလုံးကို အရေးနိမ့်ခဲ့ပါတယ်။ ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ပြီးခဲ့တဲ့နှစ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့ကာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မှာတော့ ဆီဗီးလားအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ယခု ကာရာဘောင်း ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ စီးတီးအသင်းကို ဆက်ပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ဆီမီးဖိုင်နယ် သုံးကြိမ်ဆက် အရေးနိမ့်ခဲ့တာနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က ပရိသတ်တွေကို အခုလိုပဲ တောင်းပန်စကား ဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်က “နောက်ထပ် တစ်ကြိမ် ဗိုလ်လုပွဲဆီ မတက်ရောက် နိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းနည်းရသလို စိတ်လည်း ပျက်မိပါတယ်။ ကျွန်တော်တို့မှာ နောက်ထပ် တိုက်ပွဲဝင်စရာတွေ အများကြီး ကျန်သေးပေမယ့် ကျွန်တော်တို့ဟာ တူညီတဲ့ အမှားတွေကို ထပ်ခါထပ်ခါ မကျူးလွန်သင့်တာကို နားလည်ထားရပါမယ်။ ကျွန်တော်တို့တွေ ဒီထက် ပိုပြီး တိုးတက်အောင် ဆက်လက် ကြိုးစားသွားရမှာ ဖြစ်ပြီး ဆုဖလားတွေ အတွက် တိုက်ပွဲဝင် သွားမှာပါ” လို့ သူ့ရဲ့ လူမှုကွန်ယက် အကောင့် ကနေ တဆင့် တောင်းပန်သွားခဲ့ပါတယ်။