မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က ယနေ့ မော်ဒန်ဘောလုံးလောကမှာ လူတိုင်းက ဂွာဒီယိုလာမျိုး ဖြစ်ချင်နေကြပြီး ဂွာဒီယိုလာရဲ့ ပြိုင်ဘက် ယာဂင် ကလော့ပ်ဟာလည်း သူရဲ့ စိတ်အားထက်သန်မှုတွေနဲ့ လီဗာပူးလ်အသင်းကို အသွင်ပြောင်းလဲနိုင်ပုံကနေ ဘောလုံးလောကမှာ လွှမ်းမိုးလာနိုင်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Stretty News

“ကျွန်တော်တို့က ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြ အကြောင်းကို သံသယကင်းကင်းနဲ့ ပြောကြတဲ့အခါမှာ မကြာသေးမီ နှစ်များအတွင်းကနေ ပက်ပ်ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူက ဘောလုံးလောကမှာ ကစားပုံ အပြောင်းအလဲ အလုပ်ဆောင်နိုင်ဆုံး နည်းပြတစ်ဦးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

“ယနေ့ခေတ်မှာဆိုရင် လူတိုင်းက ဂွာဒီယိုလာ ဖြစ်ချင်နေကြတာ။ အဲ့ဒါကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒုတိယတန်းကနေ ပထမတန်းအထိ အသင်းတိုင်းက စီးတီးလို ကစားနိုင်ဖို့ ကြိုးစားနေကြပြီး ရလဒ်တွေနဲ့ အောင်မြင်မှုတွေလည်း ရှိတာကြောင့် စီးတီးရဲ့ လုပ်ငန်းစဉ်တွေကို ရှာဖွေဖို့ ကြိုးစားလာကြပါတယ်။”

Photo Credit : Daily Mail

“ကျွန်တော့်အတွက်ကတော့ ဂွာဒီယိုလာလို နည်းပြတစ်ယောက်ဆီကနေ ချီးကျူးမှုကို ရရှိလိုက်ရတာက တကယ့်ကို အံ့မခန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အခု ကျွန်တော် ပြောခဲ့သလို ပဲ ကျွန်တော် တကယ် လေးစားရတဲ့ နည်းပြအကြောင်း ပြောနေတာပါ။ သူက ဂွာဒီယိုလာပါပဲ။” လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။

အခုလို ဂွာဒီယိုလာအကြောင်း ချီးမွှမ်းသွားခဲ့တဲ့ ဖာနန်ဒက်စ်က လီဗာပူးလ် နည်းပြကြီး ကလော့ပ်ဟာလည်း တကယ်ကို စိတ်အားထက်သန်တဲ့ နည်းပြတစ်ဦးဖြစ်သလို သူနဲ့ ကလော့ပ်တို့ဟာ စိတ်အားထက်သန်မှု တူညီတဲ့အပြင် ပွဲတွေအတွက် အကောင်းဆုံး ပေးဆပ်နိုင်သူတွေလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။